ICRC အကြီးအကဲ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံ
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) အကြီးအကဲ Peter Maurer ဟာ ဒီနေ့ နေပြည်တော်မှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အကြောင်း Nikkei Asia သတင်းက ဖေါ်ပြပါတယ်။
သူတို့နှစ်ဦးတွေ့ဆုံတာမှာ မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်း ICRC ကြက်ခြေနီအဖွဲ့ ပြန်ပြီး သွားရောက် ကြည့်ရှု့နိုင်ဖို့နဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။
ICRC ဘက်က တောင်းဆိုချက်တွေကို လက်ခံမယ်၊ လက်မခံဘူးဆိုတာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘာကတိကဝတ်မှ မပေးခဲ့သလို တောင်းဆိုချက်တွေကို ငြင်းပယ်တာမျိုးလည်း မရှိခဲ့ဘူးလို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့သူတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
ICRC အကြီးအကဲ Peter Maurer က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့သူတွေကို သီးသန့် တွေ့ဆုံခွင့်ထက် မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေထဲ သွားရောက်ကြည့်ခွင့်ကိုသာ ယေဘူယျ တောင်းဆိုတာ ဖြစ်တယ်လို့ သတင်းမှာ ရေးပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် မနက်ဖြန်မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားပြီး ဒီခရီးစဉ် မတိုင်ခင် ICRC နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံတာဖြစ်တယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် လူ ၈၄၀ ကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄,၅၀၀ နီးပါးရှိတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

No comments:
Post a Comment