ဒီးမော့ဆိုကို စစ်ကောင်စီ ပစ်မှတ် သတ်သတ်မှတ်မှတ်မရှိပဲ လက်နက်ကြီးများဖြင့် ပစ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်။
စစ်ကောင်စီတပ်မှ ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အတွင်းသို့ တိုက်ပွဲမရှိပဲ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ပြော ရေးဆိုခွင့်ရှိသူနှင့် ဒေသခံများ က ပြောသည်။
“အခု ဒီနေ့ အခြေအနေဆိုရင် မနက် ၆ နာရီ လောက်နေစပြီးတော့ တာဝေးပစ်ဒုံး တွေပေါ့။ ၁၂၀ မမ ဒုံးတွေနဲ့ ပစ်နေတယ်ပေါ့နော်။ အခုလက်ရှိ အချိန်အထိပဲ ပစ်နေတုန်းပေါ့။ နှစ်ဖက် ထိပ် တိုက် တွေ့ဆုံမှုတော့ မရှိဘူး။ သူတို့ဟာသူတို့ လွိုင်ကော်မြို့ကနေပြီးတော့ ဒီးမော့ဆိုမြို့ကို ပစ်နေတာပေါ့နော်။ မနေ့ တုန်းက ဆိုရင်တော့ ဖယ်ခုံ၊ မိုးဗြဲဖက်လည်း သူတို့ ပစ်တယ်ပေါ့နော်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။
ဒေသခံတစ်ဦး က လည်း ယနေ့ ဇွန်လ ၁ ရက်တွင် တိုက်ပွဲများ မရှိပဲ လက်နက်ကြီးများသာ ပစ်ခတ်ကြောင်းပြောသည်။
“ဟုတ်တယ်၊ ဒီနေ့က တိုက်ပွဲဖြစ်တာမဟုတ်ပဲနဲ့ မနက်အစောပိုင်းလောက်မှာ လျှောက် ပစ်နေတာ။ ဆက်တိုက်ပဲ ပစ်တာကတော့ မနေ့ကလောက်တော့ မများဘူး။ ဒီ လွိုင်ကော်ဘက်ကနေပဲ ပစ်တာ။ ဘာကို ပစ်လို့ပစ်နေမှန်းလည်းမသိဘူး။ ကျနော်တို့ ဒီပြည်သူတွေကတော့ အပြင်မထွက်ရဲဘူးလေနော်” ဟု ပြောသည်။
မေ ၃၁ ရက် (ယမန်နေ့) ကမူ ဒီးမော့ဆိုမြို့ နယ်ထဲတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လေယာဉ်များနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု KNDF ပြော ရေးဆိုခွင့်ရှိသူက ပြောသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ “မနေ့က အခြေအနေခါကျတော့ ကျနော်တို့ နေ့ လည် ၁၂ နာရီမှာ တိုက်ပွဲစဖြစ်တာပေါ့နော။ တိုက်ပွဲစဖြစ်တာကတော့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာ ပေါ့ နော။ ဒေါငံခါးရပ်ကွက် နောက်ကုန်းသာကျေးရွာနဲ့ အလယ်မှာ ရှိတဲ့ ကျောက်ဆည်ကန်ပေါ့ အဲဒီရပ်ကွက်နဲ့ ရွာ ရဲ့ အလယ်မှာ ရှိတဲ့ ကျောက်ဆည်ကန်မှာ စစ်ပွဲ ဖြစ်တာပေါ့။ စစ်ကောင်စီက ဟယ်လီကော်ပတာ ၂ စီးပေါ့နော်။ ပထမတော့ ၂ စီးနဲ့ ပစ်တယ်။ အပေါ်ကနေ ပစ်တယ်။ နောက်ပြီးတော့ ညပိုင်းလောက်မှာကျတော့ ဂျက်လေ ယာဉ် ၂ စီးနဲ့ ထပ်ပစ်တယ်ပေါ့နော်။ ထပ်ပစ်တယ်။ ဂျက်လေယာဉ်တွေကတော့ တစ်ညလုံးနီးပါး ပျံဝဲနေတာပဲ။ ဒီးမော့ဆိုမြို့နယ်မှာပဲ။ စစ်ပွဲဖြစ်နေတာလည်း ဒီးမော့ဆိုပဲ ဖြစ်တဲ့အတွက် ဒီးမော့ဆိုပဲ သူတို့ ပစ်နေတာပေါ့” ဟု KNDF ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အကျအဆုံးများခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ဆက်ပြော သည်။
“စစ်ပွဲဖြစ်တယ်နောက် ကျဆုံးတာ ထိခိုက်တာကျတော့ ကျနော်တို့ PDF ကနေပြီးတော့ ၂ ဦးကျဆုံးတယ်။ ၅ ဦး ဒဏ်ရာရတာပေါ့နော်။ စစ်ကောင်စီဖက်ကျတော့ အခုကျနော်တို့ KNDF က ထုတ်ပြန်ထားတာပေါ့နော်။ ဒီ ၈၀ ဝန်းကျင်ပေါ့နော်။ ဒါက ခန့်မှန်းပေါ့နော်။ မြေပြင်မှာ ဖြစ်နေတဲ့ဟာကို လောလောဆယ်ပေါ့ အခု ဒီမနက် ရှင်း လင်းရေးကိစ္စတွေ မနေ့ထဲကနေ တိုက်ပွဲ အခြေအနေက ပြင်းထန်တော့ အကျအဆုံးများတယ် သူတို့ အကျအ ဆုံးများတယ် ခန့်မှန်းခြေ အဲဒီဝန်းကျင်တော့ဖြစ်ဖို့ များတာပေါ့နော်။”
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ စစ်ကောင် စီ တပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ် PDF တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများမှာ ကယားပြည်နယ်နှင့် ဆက်စပ်နေသည့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အထိ ကူးစက်ဖြစ်ပွား လာခဲ့ သည်။
အဆိုပါ တိုက်ပွဲများကြောင့် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ ဒေသခံပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ တော တောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အစားအသောက်၊ ဆေးဝါးနှင့် အခြေခံ အသုံးအဆောင်များ အရေးပေါ် အကူအညီများ လိုအပ်နေသည် ဟု ဆိုသည်။
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်များကို အမြစ်ပြတ်ချေမှုန်းရန်နှင့် ပြည်သူလူထုများကို ကာကွယ်ရန် အတွက် ကယားပြည်နယ် အခြေစိုက် PDF များနှင့် ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံရှိ PDF တပ်ဖွဲ့တို့နှင့် အတူ ဒေသအစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပူးပေါင်းကာ တပ်ပေါင်းစုအဖြစ် ကရင်နီ အမျိုးသား များ ကာကွယ်ရေး တပ် KNDF ကို ဖွဲ့စည်းထားသည် ဟု သိရသည်။
http://www.nmg-news.com/2021/06/01/13900
No comments:
Post a Comment