Tuesday, June 1, 2021

ပလက်ဝမှာ သွားလာရေး ပိတ်ပင်ထားဆဲဖြစ်လို့ ရိက္ခာအခက်တွေ့

 ပလက်ဝမှာ သွားလာရေး ပိတ်ပင်ထားဆဲဖြစ်လို့ ရိက္ခာအခက်တွေ့

ချင်းပြည်နယ် ပလက်ဝမြို့မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတည်းကက ကုန်လမ်း၊ ရေလမ်း အဝင်အထွက် အသွားအလာကို စစ်တပ်က ကန့်သတ်ထားတာ ခုထိလည်း ပြန်မဖွင့်သေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ပလက်ဝမြို့မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ပလက်ဝမြို့နယ်တခုလုံး အသွားအလာတွေ ပိတ်ထားပါတယ်။ ဒါကြောင့် ဒေသခံတွေ စားရေးသောက်ရေး အခက်အခဲဖြစ်နေကြတဲ့အကြောင်း ရခိုင်ကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြထားပါတယ်။

ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်နဲ့ အသွားအလာ ကန့်သတ်ခံထားရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ မေလ ၂၈ ရက်နေ့က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် ပလက်ဝမြို့နယ်တခုလုံးရဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။ ဒါကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပလက်ဝမြို့ခံတစ်ဦးဖြစ်တဲ့ ဆလိုင်းလုအောင်က ပြောပါတယ်။

“ပလက်ဝမြို့က ထွေအုပ်ရုံးရှေ့မှာ နောက်တလုံးကတော့ ဘဏ်ရှေ့မှာ ပေါက်ကွဲတယ်။ အဲဒီပေါက်ကွဲတဲ့ နေ့ကစပြီးတော့ လုံးဝမရှိပါဘူး။ မရပါဘူးခင်ဗျာ။ ဗုံးပေါက်ကွဲတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အသွားအလာနည်းနည်း စစ်ဆေးတယ်။ ပြီးတော့ ပိတ်ထားတယ် အသွားအလာကို အဲဒီလိုမျိုး မြို့နယ်အချင်းချင်းလည်း သွားလို့မရပါဘူး။ ပလက်ဝကနေ ရေကြောင်းဆိုတော့ အပေါ်ကိုလည်း တက်လို့မရဘူး။ အောက်ဘက်မှာရှိတဲ့ ကျောက်တော် ကိုလည်း ဆင်းလို့မရဘူးခင်ဗျာ။ ကုန်ဈေးနှုန်းကတော့ တအားထိုးတက်တာပဲ။ စားဝတ်နေရေး ဒီဆန်တွေဆိုရင် ဟိုတလောက တိုင်းပြည်အခြေအနေကောင်းတော့ ရှိတဲ့ သူက ၃၊ ၄ အိတ် ဝယ်ထားတယ်။ မရှိတဲ့သူတွေလည်း ဒီလိုပဲ ရှာစားရတယ်။ စားဝတ်နေရေးကတော့ တော်တော်လေး အခက်အခဲရှိပါတယ်။”

၂၀၁၈ ခုနှစ်ကုန်ပိုင်းက ရခိုင်လက်နက်ကိုင် AA နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ချိန်ကတည်းက ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ်ထဲက တခြားမြို့နယ်တွေဆီ အသွားအလာကို စစ်တပ်က ကန့်သတ်ထားတဲ့အတွက် သွားလာဖို့ ခက်ခဲနေကြတာပါ။ အထူးသဖြင့် ပလက်ဝအတွက် ကုန်စည်စီးဆင်းရာ အဓိကဖြစ်တဲ့ ကျောက်တော်မြို့နယ်ကို သွားလို့ မရကြတော့ပါဘူး။

အခုလက်ရှိမှာ AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ရပ်စဲနေတာ နိုဝင်ဘာလ အစောပိုင်းထဲကဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုအထိ ရေလမ်း ကုန်းလမ်းနဲ့ အသွားအလာ မလုပ်နိုင်ကြသူတွေအတွက် ကုန်စည်ပြတ်လတ်နေကြတယ်လို့ ဆလိုင်းလုအောင်က ပြောပါတယ်။

“ကုန်ဈေးနှုန်းကတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ကတည်းက တက်တာပါပဲ။ ကြားထဲမှာ နည်းနည်းလေးပဲ မသိမသာလေးကျသွားတာ။ အခုဆိုရင် ပြန်တက်သွားပြန်ပြီ။ ကျနော်တို့ ပလက်ဝမြို့ပေါ်မှာ ဆန်အညံ့စားဆိုရင် တအိတ်ကို ၃၅၀,၀၀၀ အကောင်းဆိုရင်တော့ ၆၅,၀၀၀၊ ၇၀,၀၀၀ လောက် ရှိတယ်ဗျာ။”

ဒါအပြင့် ပလက်ဝမြို့နယ်ကနေ စက်လှေနဲ့ ၄ နာရီလောက် သွားရတဲ့ တရွန်အိုင်ကျေးရွာမှာလည်း စစ်တပ်က တပ်စွဲထားပြီး အသွားအလာ ကန့်သတ်ထားတာကြောင့် ကျန်းမာရေး လူမှုရေး စားသောက်ရေးတွေ အခက်ကြုံနေရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။

“ဒီမှာ အခု ဆန်တစ်အိတ်ကို ၆၅,၀၀၀၊ ၇၀,၀၀၀ ရှိတယ်။ အသွားအလာ မရှိဘူးဆိုလို့ရှိရင် ကုန်သည်တွေက ဆိုင်သည်တွေက ကုန်ပစ္စည်းတွေ မတင်ရဘူး။ ရောင်းချလို့ မရဘူး။ အဲဒီလိုဖြစ်တာပေါ့။ လူတွေကလည်း ပလက်ဝကို ကျန်းမာရေးကြောင့် ဆင်းမယ်ဆိုရင်လည်း အခက်အခဲရောက်တာပေါ့။ ကျနော်တို့နေတာက ပလက်ဝကနေ စက်လှေနဲ့သွားရင် ၄ နာ ရီလောက်ကြာတယ်။ အခုကတော့ အရင် လမ်းဖွင့်တုန်းက ကျန်တဲ့ ဆန်တွေ ဘာတွေ ကုန်ပစ္စည်းတွေ အဲဒါနဲ့ပဲ မျှမျှတတစားနေရတာပေါ့။ ပြန်ဖို့ဆိုတာလားလည်း ဘာမှမသိရဘူး။”

ပလက်ဝမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၄၀၀ နီးပါးရှိပြီး လူဦးရေ ၁၀၀,၀၀၀ ကျော်လောက်ရှိပါတယ်။ အများစုကတော့ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြတာပါ။ တိုက်ပွဲတွေ စဖြစ်ခဲ့ချိန်ကတည်းက ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ထားခဲ့တာ ဖြစ်ပြီး ထောင်နဲ့ချီတဲ့ ပလက်ဝ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရသလို သေဆုံး ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

ပလက်ဝမှာ သွားလာရေး ပိတ်ပင်ထားဆဲဖြစ်လို့ ရိက္ခာအခက်တွေ့ (voanews.com)

No comments:

Post a Comment