ဒီးမော့ဆိုတိုက်ပွဲ နှစ်ဘက်ကျဆုံးထိခိုက်မှု ရှိ
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီနေ့ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ မနေ့ညပိုင်းကတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှုတွေကြား အရပ်သား တစ် ယောက် သေဆုံးခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်လို့ ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ပြည်တွင်းဒုက္ခသည်တွေလည်း ယာယီခိုလှုံနေတဲ့နေရာတွေကနေ ထပ်ပြီး တိမ်းရှောင်နေကြရပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။
စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီနေ့မနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှု တချို့ရှိခဲ့ပါတယ်။
"ဒီမနက်ကတော့ ပြန်ပစ်တယ်လို့တော့ပြောတယ်။ ဒီမနက်ပြန်ပစ်တယ်။ ဒါပေမဲ့လို့ အခုအခြေအနေတွေကတော့ ပြန်ငြိမ်နေတယ်။"
မနေ့ တနင်္လာနေ့ ညနေပိုင်းကတော့ ဒီးမော့ဆိုမြို့နယ်ထဲမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေအပြင် လေကြောင်းအကူသုံး တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေး အဖွဲ့ KNDF ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
"တိုက်ပွဲဖြစ်ပွါးတဲ့နေရာ အတိအကျကတော့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ပေါ့။ ဒေါငံခါးရပ်ကွက်နဲ့ ကုန်းသာကျေးရွာကြားက ကျောက်ဆည်ကန်မှာပေါ့နော်။ တိုက်ပွဲကနေ့လယ် ၁၂ နာရီကစဖြစ်တာပေါ့နော်။ ည ၈ နာရီလောက်အထိဖြစ်သွားခဲ့တာပေါ့။ အင်အားက တော်တော်များတယ်သူတို့က။ စစ်ကူတွေနဲ့ဆို ၁၀၀ ကျော်ကျော်လောက်ရှိမယ်။ နောက်ပိုင်းမှာ ဂျက်လေယာဉ် နှစ်စီးရယ်၊ ဟယ်လီကော့ပတာနှစ်စီးရယ်လာပြီးတော့ စစ်ကူခဲ့တယ်ပေါ့ ... သူတို့ဘက်ကနေ။ နောက်ဒီ ဒီးမော့ဆိုမြို့နယ်ကိုပေါ့ လွိုင်ကော်မြို့ကနေ ၁၂၀ မမတွေနဲ့ တိုက်ပွဲစကနေပြီးတော့ တညလုံး ပစ်ခတ်ခဲ့တာပေါ့။"
ကရင်နီအမျိုးသား ကာကွယ်ရေး အဖွဲ့ KNDF အဖွဲ့ကို လွိုင်ကော်မြို့နယ် ဒီးမော့ဆိုမြို့ ၊ နန်းမယ်ခုန်မြို့၊ ဖယ်ခုံမြို့နဲ့ မိုးဗြဲမြို့က PDFအဖွဲ့ ၅ ခု ပူးပေါင်းပြီးဖွဲ့စည်းထားတာပါ။ တနင်္လာနေ့ညက တိုက်ပွဲမှာ နှစ်ဘက်လုံး သေဆုံး ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"တိုက်ပွဲအတွင်း ကျနော်တို့ ဒီ PDF အဖွဲ့အနေနဲ့ကတော့ နှစ်ဦးကျဆုံးတယ်ပေါ့။ ၅ ဦးဒဏ်ရာရတယ်။ စစ်ကောင်စီဘက်ကတော့ တော်တော်များများ ကျဆုံးတယ်လို့ ကျနော်တို့ သိထားတယ်ပေါ့။ မြင်တွေ့ရသလောက်ကို ကျနော်တို့ အတည်ပြုထားတယ်ပေါ့နော်။ ၈၀ ဝန်းကျင်လောက်ကို ကျနော်တို့ အတည်ပြုထားတယ်။"
မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၈၀ ကျော်ကျဆုံးတယ်လို့ KPDF ဘက်ကထုတ်ပြန်ထားပေမဲ့ ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမတွေ့ရသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရကိုလည်း ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။
မနေ့က ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒီးမော့ဆိုမြို့ခံတဦးက ပြောပါတယ်။
"အရပ်သားထိခိုက်မှုကတော့ ဒီဒေါငံခါးပေါ့။ ဒေါငံခါးကတယောက်က ဆုံးသွားတယ်။ အဲဒီ တယောက်ပေါ့နော်။"
စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကို ဒီနေ့မနက်ပိုင်းအထိ ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း လွိုင်ကော်မြို့ကနေ ပစ်တဲ့ လက်နက်ကြီးသံတွေကြောင့် လွိုင်ကော်မြို့နယ်က ပီကင်းကောခူ ယာယီဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည် ထောင်ချီဟာ ရှမ်းနီရွာဘက် ထပ်မံတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကော်မီတီဝင်တဦးကပြောပါတယ်။
"ဒီဘက်တော့ပြေးနေရပြီး ပီကင်းကောခူဘက်။ ကျွန်တော်တို့ဒီမှာ ရှမ်းနီမှာသောင်တင်နေတာ ၂ ရက်လောက်ရှိပြီး။ ကျနော်တို့ရဲ့ ကယားပြည်နယ်ရှမ်းနီရွာပေါ့။ လူဦးရေက ကျနော်တို့ ပထမတရက်မှာ ၁,၁၀၀ ကျနော်တို့ ပီကင်းကောခူမှာ စစ်ဘေးကြောက်လို့ဆိုပြီးမှ ရှမ်းနီဘက်ကို ရောက်လာတာ။ ရှမ်းနီရောက်ပြန်တော့လည်း ညအချိန်တို့ နေ့အချိန်တို့ ဗုံးသံတွေသေနတ်သံတွေ ကြားရပြီးမှ ဒီဘက်ရောက်လာဖို့ ရှိတယ်။ ကြောက်လန့်ကြရင်းနဲ့ ပြေးကြတာပေါ့။"
အဲဒီလို လက်နက်ကြီးသံတွေကြောင့် စိုးရိမ်ကြတဲ့ တချို့ စစ်ဘေးဒုက္ခသည်တွေဟာ မိုးဗြဲနယ်အစပ်က အနောက်ပဒေါင်ဒေသဘက်မှာ တိမ်းရှောင်ဖို့ ထပ်ပြီး ထွက်သွားကြတယ်လို့လည်း သူက ပြောပြပါတယ်။ ကယားပြည်နယ်ထဲမှာ ၁ လလောက်ကြာပြီဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့နယ် ဒီးမော့ဆို မြို့နယ် ဖရူဆိုမြို့နယ်နဲ့ ရှမ်း-ကယားပြည်နယ်အစပ်က မိုးဗြဲမြို့က ဒေသခံ ၇၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာကို စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

No comments:
Post a Comment