မြန်မာအကြမ်းဖက်လူသတ်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြေရှားသတ္တု(Rare Earth)များ အလုအယက် ခိုးယူတူးဖော်မှုများ မြင့်တက်လာ
ရန်ကုန်၊ မေ ၃၁
အကြမ်းဖက်မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ အီလက်ထရောနစ်ပစ္စည်းတွေထဲ ထည့်သွင်းအသုံးပြုတဲ့ တန်ဖိုးရှိသတ္တု Rare Earth (ခေါ်) မြေရှားသတ္တု တရားမဝင်ခိုးယူတူးဖော်ခြင်းတွေဟာ အလွန် များပြားလာပါတယ်။
နိုင်ငံတကာမှ စီးပွားရေးအရေးယူပိတ်ဆို့မှုများကြောင့် အထီးကျန်လာပြီဖြစ်တဲ့ အကြမ်းဖက် စစ်အာဏာ သိမ်း အုပ်စုအနေနဲ့ ဒီတရားမဝင် သတ္တုမှောင်ခိုတူးဖော်ရောင်းချမှုနဲ့ အခြားသယံဇာတ တွေတူးဖော် ရောင်းချမှု တွေက နေပြီး ငွေဝင်ပေါက်ဝင်လမ်း ရရှိနေတာလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုကွန်ရက် (TANK) က ရရှိတဲ့အချက်အလက်တွေအရ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ တရုတ်ပြည်နဲ့ နယ်မြေထိစပ်နေတဲ့ ကချင်ပြည်နယ်အတွင်းမှာ တရားမဝင် သတ္တုတူးဖော်မှု ၂ ဆ မက မြင့်တက်ခဲ့ပြီး၊ ဒေသတွင်းမှာ တရားမဝင်သတ္တုလုပ်ကွက်သစ်ပေါင်း အနည်းဆုံး ၅၀ ခန့်ထပ်ရှိလာတဲ့အပြင် မူလသတ္တုတွင်းတွေရှိနေတဲ့နေရာတွေမှာလည်း ၅ ဆ ခန့်မြင့်တက်လာတယ်လို့ဆိုပါတယ်။
“ရင်းနှီးမြှပ်နှံမှုတွေဟာ အရင်အစိုးရလက်ထက် ထက်ပိုပြီး ကျန်တဲ့ဒေသများကိုပါ ပြန့်နှံ့သွားတယ်”လို့ TANK အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျာခေါလူက EFE ကိုပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေနဲ့ နိုင်ငံတွင်း ဆူပူမှုအခြေအနေတွေကြောင့် သတင်းအချက်အလက်တွေရရှိဖို့ခက်ခဲပေမယ့် ပညာရှင်တွေအနေနဲ့ တရားမဝင် သတ္တုတူးဖော်မှု သိသိ သာသာ မြင့်တက်လာခြင်းဟာ “ဒီလိုမြေရှားသတ္တုခိုးယူတူးဖော်နေခြင်းဟာ အမြတ်အစွန်းများ နိုင်တဲ့အတွက် အကြမ်းဖက် စစ်တပ်နဲ့ပူးပေါင်းကြံစည်ပြီး လုပ်ဆောင်နေတာကြောင့် ဖြစ်တယ်” ဆိုတဲ့သုံးသပ်ချက်ကိုသဘောတူကြပါတယ်။
“အကြမ်းဖက်စစ်တပ်ဟာ သဘာဝသယံဇာတတွေကို အခြားနိုင်ငံများသို့ တင်ပို့ ရောင်းချခြင်းကနေအကျိုးအမြတ် များစွာ ရရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု တွေ ချမှတ် တဲ့အချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ငွေဝင်ပေါက်ဝင်လမ်းတွေကို ထည့်သွင်းပိတ်ဆို့ အရေးယူနိုင်ဖို့ ကြိုးပမ်း နေခြင်းလည်းဖြစ်ပါတယ်” လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ တို့ရဲ့ မြန်မာစစ်တပ် ရဲ့အကျိုး စီးပွားတွေကို ဦးတည်ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေကို ရည်ညွန်းကာ Hammond ကပြောကြားပါတယ်။
ဒီလိုတူးဖော်ရောင်းချနေမှုတွေဟာ နယ်စပ်ဒေသတွေမှာ တရားမဝင်လုပ်နေတာဖြစ်ကြောင်း အဆိုပါ ဒေသ တွေ ဟာ အကြမ်းဖက်စစ်တပ်နဲ့ ၁၉၈၉ ခုနှစ်မှာ မဟာမိတ်ဖွဲ့ထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေက ထိန်းချုပ် တဲ့နေရာ တွေ မှာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့အကျိုးအမြတ်ဝေစု တစုံတရာရခြင်းကြောင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
ဒေသခံတွေအတွက် အကျိုးခံစားခွင့်မရှိ
==============================
TANK အဖွဲ့ အဆိုအရ ဒီသတ္တုတူးဖော်မှုတွေကို တရုတ်ရင်းနှီးမြှုပ်နှံသူတွေက လုပ်ကိုင် ထုတ်လုပ် နေခြင်း ဖြစ် ပါ တယ်၊ အလုပ်သမားတွေကို တရုတ်ပြည်က ခေါ်လာပြီး လုပ်ခ ၂ ဆ ပိုပေးကာ သတ္တုရိုင်းတွေကို အချော သန့်စင်ခြင်းမရှိဘဲ နယ်စပ်ကိုဖြတ်ကျော် သယ်ဆောင်သွားကာ နယ်စပ်မှာ လျှပ်စစ်ပစ္စည်းတွေအတွက် ကုန်ချော ပြင်ဆင်စေတာလို့ ဆိုပါတယ်။
အဆိုပါ အလုပ်သမားတွေဟာ ရောက်လာတာနဲ့ သစ်တောကို ခုတ်ထွင်ရှင်းလင်းပစ်ကြပါတယ်။ တောင်တွေ မှာ တွင်းတွေကို တူးကြပါတယ်။ ဒီနောက် ရေနဲ့ ဓါတုပစ္စည်းတွေကိုရောစပ်ပြီး မြေကြီးတွင်းမှာရှိတဲ့ သတ္တုတွေကို ထုတ် နိုင်ဖို့အတွက် ရေကန်ကြီးတွေတည်ဆောက်ကြပါတယ်။
လုပ်ကွက်ရှိရာ နေရာတစ်ခုအတွင်းက မြေရှားသတ္တုတွေအားလုံး ထုတ်ယူပြီးတဲ့အခါ ဒီလုပ်ကွက်ကို ဒီအတိုင်း စွန့်ပစ်ခဲ့ကြပါတယ်။ ပျက်စီးနေတဲ့တောင်တွေနဲ့ ဓါတုပစ္စည်းတွေကြောင့်ညစ်ညမ်းနေတဲ့ ရေကန်ကြီးတွေကို ဒီအတိုင်း ထားခဲ့တာကြောင့် ဒေသခံမြစ်တွေကို အဆိပ်ခတ်သလိုဖြစ်စေပြီး၊ မွေးမြူထားတဲ့ ကျွဲ၊ နွားတိရိစ္ဆာန်တွေ သေဆုံးကြသလို ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးပြသနာများစွာကို ဖြစ်ပေါ်စေပါတယ်။
ဒေသခံ ပြည်သူတွေအနေနဲ့ ဒီလိုမြေရှားသတ္တုထုတ်ယူခြင်းကနေအကျိုးအမြတ် ရရှိရမယ့်အစား နောက်ဆက်တွဲ ကျန်းမာရေး အကျိုးဆက်တွေကိုသာ ဆိုးရွားစွာခံစားနေကြရပါတယ်။
“သူတို့တွေက တရုတ်လစာရဲ့ တဝက်ပဲရတယ်။ ဒါတင်မကဘူး နောက်ပိုင်း တောင်သူတွေရဲ့ စီးပွားရေး ပါ ထိခိုက်လာတယ်။ အရင်တုန်းက သီးနှံတွေကို တရုတ်ပြည်ကိုရောင်းတယ်။ နောက်ပိုင်းဒီသတ္တု တူးဖော်တဲ့နေရာက လာတာဆိုပြီး မဝယ်ကြတော့ဘူး။ ဓါတုပစ္စည်းတွေပါလာမှာစိုးတဲ့အတွက် မဝယ် ကြတော့တာ။” လို့ TANK အဖွဲ့ကိုယ်စားလှယ်ကပြောပါတယ်။
သစ်၊ ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်း
==============================
Rare Earth (ခေါ်) မြေရှားသတ္တုတွေကို တူးဖော်ရောင်းချတာတင်မက၊ အာဏာသိမ်းပြီးနောက်ပိုင်း မှာလည်း သစ်တောပြုန်းတီးခြင်းဟာ မြင့်တက်လာခဲ့တယ်လို့ ဗြိတိန် NGO အဖွဲ့ဖြစ်တဲ့ Conflict and Environment Observatory က မျှဝေတဲ့ ဂြိုလ်တုဓါတ်ပုံတွေအရ သိရပါတယ်။
“ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ မူလသစ်တောတွေအတွင်း သစ်ခုတ်မှု သိသိသာသာတိုးလာပါတယ်။ ဒီသစ်တွေကို အိမ်နီးချင်းနိုင်ငံတွေဆီ တရားမဝင်တင်ပို့မှာ ဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုတိုးပွားလာခြင်းဟာ ဘယ်လောက်ထိကြာမယ်၊ ဘယ်လိုပုံစံ သွားမယ် ဆိုတာလည်း မသိနိုင်ပါဘူး။ သမိုင်းတလျှောက် စစ်အစိုးရဟာ သစ်ရောင်းချမှုကို ရေတိုဝင်ငွေတစ်ခုအဖြစ် အသုံးချတယ်” လို့ အဆိုပါ အဖွဲ့အစည်းက ဧပြီလမှာ ထုတ်တဲ့ အစီရင်ခံ စာတစ်စောင်မှာ ဖော်ပြထားပါတယ်။
ဒီဘဏ္ဍာငွေအရင်းအမြစ်တွေဟာ ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်းထုတ်လုပ်မှုအပြင် ထပ်တိုး ရတဲ့ ဝင်ငွေ တွေ ဖြစ်ပြီး ကျောက်မျက်နဲ့ ကျောက်စိမ်းတွေဟာ အကြမ်းဖက်စစ်တပ်နဲ့ ၄င်းတို့နဲ့ ဆက်နွယ်နေတဲ့ကုမ္ပဏီတွေကို နှစ်ပေါင်း များစွာကြာအောင် အမြတ်အစွန်းတွေပေးခဲ့ပါတယ်။
တရားမဝင်မှောင်ခိုရောင်ချမှုအများစုပါဝင်တဲ့ ကျောက်စိမ်းရောင်းချမှုမှဝင်ငွေဟာ ၂၀၁၅ ခုနှစ် ၁နှစ်တည်းပဲ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံ ထိရှိခဲ့ပြီး ဒီပမာဏဟာ နိုင်ငံ GDP ရဲ့ထက်ဝက်နီးပါး ဖြစ်ကြောင်း Global Witness အဖွဲ့ရဲ့ အစီရင်ခံစာအရသိရပါတယ်။
“အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေအားလုံးက ဗိုလ်ချုပ်ကြီးတွေပိုင်ဆိုင်ပါတယ်” လို့ အမည် မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ၂၀၁၅ မှာ ထုတ်ဝေတဲ့ အဲ့ဒီအစီရင်ခံစာထဲမှာ ပြောကြားထားပါတယ်။
အဆိုပါကုမ္ပဏီတွေဟာ မကြာသေးခင်လများအတွင်း အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ ယူကေတို့က ချမှတ်ခဲ့တဲ့ များစွာသော စီးပွားရေးအရေးယူပိတ်ဆို့မှု အစီအစဉ်တွေထဲမှာ ပစ်မှတ်တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
ဒါပေမယ့် လက်ရှိထိ ထိရောက်မှုအနည်းအကျဉ်းသာရရှိနေပြီး၊ ထိုသို့ဖြစ်ရခြင်းရဲ့အကြောင်းကတော့ အကြမ်းဖက် စစ်တပ် ဟာ ၎င်းတို့ရဲ့အဓိက ဖောက်သည်ကြီးဖြစ်တဲ့ တရုတ်ပြည်ကို ဆက်လက် ရောင်းချ နိုင်နေ တာ ကြောင့် ဖြစ်ပါတယ်။
ရုရှားနိုင်ငံလိုပဲ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကျေနပ်မှု မရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပေမယ့်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွေမှာတော့ အကြမ်းဖက် စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ပိုမိုပြင်းထန်စွာရှုံချဖို့၊ စီးပွားရေး ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့နှင့် အကြမ်းဖက်စစ်ကောင်စီအပေါ် လက်နက်ရောင်းချခြင်းမပြုနိုင်ဖို့ တွေအတွက် တင်ပြလာသည်များကို ၎င်းရဲ့ ဗီတိုအာဏာကို အသုံးပြုပြီး ပယ်ချကာ၊ မင်းအောင်လှိုင်ဦးဆောင်နေသော လူသတ်အကြမ်းဖက်စစ်ကောင်စီကို ဆက်လက် ပံ့ပိုးနေဆဲပဲ ဖြစ်ပါတယ်။
https://www.facebook.com/khitthitnews/posts/1209788452791832?__cft__[0]=AZWv3PpXVnkY-c_keHKm4-hlxBeNRnA4OWkkcRy6gVCCU7ZmG9VJdxsFSWhEdE_1sr2iaiKh7Ipe1tbD18GDWssQqryb1qIVdNU5l3aJedmPNcpP2YQHcDlKbAsFRrvpYzLOTOf2PnXSfC9ndL3KGM9w&__tn__=%2CO%2CP-R
No comments:
Post a Comment