Sunday, May 2, 2021

သီပေါမြို့တွင် ဆန္ဒပြသူတစ်ဦး ပစ်သတ်ခံရ

 သီပေါမြို့တွင် ဆန္ဒပြသူတစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီတပ်များ၏ လက်ချက်ကြောင့် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရကာ ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်



Myanmar Now

Published on May 2, 2021

မတ်လဆန်းပိုင်းက ရန်ကုန်မြို့ ဆန္ဒပြပြည်သူတို့ကို ပစ်ခတ်နေသော စစ်သားများ

မတ်လဆန်းပိုင်းက ရန်ကုန်မြို့ ဆန္ဒပြပြည်သူတို့ကို ပစ်ခတ်နေသော စစ်သားများ

ရှမ်းပြည်နယ် သီပေါမြို့၌ အာဏာသိမ်းမှုဆန့်ကျင်နေသည့် ပြည်သူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တို့က ယနေ့ (မေ ၂) နံနက်ပိုင်းတွင် ပစ်ခတ်ရာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိထားကြောင်း မြို့ခံကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။


သီပေါမြို့ ဘုရားကြီးကုန်းအနီး ဦးခေါင်းကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသူ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနိုင်ခြင်းမရှိသေးကြောင်း သူက ဆက်ပြောသည်။


"လောလောဆယ်တော့ သူ့အိမ်ကို ပြန်ပို့ဖို့ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာမှ မမေးနိုင်သေးဘူး။ သူတို့(စစ်တပ်)က မနက်ကဖြစ်တဲ့နေရာ (အကြမ်းဖက်ဖြိုခွင်းတဲ့နေရာ)ကိုလည်း ရောက်ရောက်လာတယ်။ အဖမ်းခံရတာတွေလည်း ရှိတော့ (သေဆုံးသူ) ကောင်လေးနာမည်ကို မမေးနိုင်သေးဘူး” ဟု ကယ်ဆယ်ရေးသမားတစ်ဦးက Myanmar Nowသို့ ပြောသည်။


ယနေ့နံနက် ဆန္ဒပြသူ ၁၀ ဦးထက်မက ဖမ်းဆီးခံထားရကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မြို့ပေါ်၌ လုံခြုံရေးတင်းကြပ်ထားပြီး ပြည်သူများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။




သီပေါမြို့ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်၍ မရသေးပေ။


မြို့နယ်အများအပြားမှ ဒေသခံတို့သည် ပစ်ခတ်နှိမ်နင်းမှုများကြားမှ နည်းအမျိုးမျိုးဖြင့် ဆန္ဒဖော်ထုတ်နေကြသည်။


https://myanmar-now.org/mm/news/6658

No comments:

Post a Comment