ဗုံးဖြင့် ဖြိုခွင်းခံရသည့် ဖားကန့်ဆန္ဒပြမှုတွင် ၁ ဦးသေ၊ ၂၀ ဒဏ်ရာရ
စစ်ကောင်စီတပ်က ဖားကန့်မြို့မှ ဆန္ဒပြပြည်သူတို့ကို စစ်မြေပြင်မှ ရန်သူကဲ့သို့ ရင်ဆိုင်တိုက်ခိုက်ခဲ့သည်
Myanmar Now
Published on May 2, 2021
ကချင်ပြည်နယ် ကျောက်စိမ်းမြေ ဖားကန့်တွင် မေ ၂ ရက်နေ့ ပစ်ခတ်မှုမဖြစ်ပွားခင် တွေ့ရသည့် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများ
ကချင်ပြည်နယ် ကျောက်စိမ်းမြေ ဖားကန့်တွင် မေ ၂ ရက်နေ့ ပစ်ခတ်မှုမဖြစ်ပွားခင် တွေ့ရသည့် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများ
ကချင်ပြည်နယ် ဖားကန့်မြို့၌ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ယနေ့ ( မေ ၂) နေ့လယ်တွင် လက်ပစ်ဗုံးနှင့် သေနတ်သုံး၍ အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဒေသခံတို့က အတည်ပြုသည်။
မော်ဝမ်းနှင့် လုံးခင်းရပ်ကွက်တို့မှ ဆန္ဒပြသူများကို မော်ဝမ်းရပ်ကွက် စီးပွားရေးဘဏ်ဟောင်းရှေ့အရောက် စတင်ပစ်ခတ်ဖြိုခွင်းချိန်တွင် လက်ပစ်ဗုံးတစ်လုံးကိုပါ လူအုပ်အတွင်းပစ်ထည့်ခဲ့သဖြင့် ထိခိုက်မှုပြင်းထန်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။
ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက် ၃၃ နှစ်အရွယ် ကိုဝေဖြိုးဆိုသူ ဦးခေါင်းကျည်ထိ သေဆုံးသွားပြီး ဗုံးစနှင့် ကျည်ဆံထိသူများလည်းရှိကြောင်း ၎င်းကဆိုသည်။
“ သူတို့(စစ်တပ်နဲ့ရဲ)က သေနတ်လည်း သုံးတယ်။ ဆုံးသွားတဲ့သူကတော့ သေနတ်မှန်တာ။ .... ဆန္ဒပြတဲ့ လူအုပ်ထဲကို မိုင်း(လက်ပစ်ဗုံး) ပစ်ထည့်သွားတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။
ကိုဝေဖြိုး၏ ရုပ်အလောင်းကို မွန်းလွဲပိုင်းအထိ ပြန်ကောက်၍ မရသေးသော်လည်း ဒဏ်ရာရှိသူများအား အကြမ်းဖက်ဖြိုခွင်းခံရသည့် နေရာများမှ ကယ်ထုတ်နိုင်ခဲ့၍ လုံခြုံသည့် နေရာတစ်ခု၌ ဆေးကုသမှုပေးနေသည်ဟု ၎င်းထံမှ သိရသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ယနေ့အထိ နိုင်ငံအနှံ့တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူပေါင်း ၇၅၀ ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်သော်လည်း ပြည်သူတို့၏ ဆန့်ကျင်မှုများ အရှိန်မြင့်နေဆဲဖြစ်သည်။
https://myanmar-now.org/mm/news/6663
No comments:
Post a Comment