Monday, May 31, 2021

နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းအချို့ကို ရှမ်းမြောက်ညီနောင်မဟာမိတ်အဖွဲ့ တိုက်ခိုက်

 ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာက စစ်ကောင်စီတပ်စခန်းအချို့ကို ညီနောင်မဟာမိတ်ခေါ် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းတပ်ဖွဲ့ ၃ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သားတယောက်သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲသတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်း ရရှိခဲ့တဲ့ လက်နက်များ။ (ဓာတ်ပုံ -Kokang123.com- မေ ၃၁၊ ၂၀၂၁)

TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်တပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့က ဒီကနေ့ မေလ ၃၁ ရက်နေ့ကူးပြီး မကြာခင် မနက် ၁ နာရီလောက်မှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၂၃ တပ်စခန်း အပါအဝင်နေရာ ၃ နေရာကို တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ပွဲဟာ နေရာ ၃ နေရာလောက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားတစ်ဦး အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ကြောင်း နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“မနက် ၁ နာရီလောက် ဖြစ်တာဗျ။ ၁ နာရီလောက်နေ ၄ နာရီလောက်ထိ။ နှစ်ဘက်လုံးက အသားကုန်ချတာဗျ။ ၁၂၃ တပ်ထဲနဲ့ ဒီနားလေးက ၄၅ ကုန်းပေါ့။ နောက် မြို့အထွက်က EPC ရုံးမှာ ထိုင်တဲ့ စခန်းကို သိမ်းသွားတာ။ သူတို့ တပ်ဘက်က ၁၀ ယောက်လောက် ကျပြီးတော့မှ EPC ရုံးစောင့်တဲ့ အဖိုးကြီးလေ။ အရပ်သားပေါ့။ အဲဒီတစ်ယောက်နဲ့ ၁၁ ယောက်ပေါ့။”

လူနေအိမ်တွေဘက်ကို လက်နက်ကြီးကျည်ကျရောက်တာရှိကြောင်းနဲ့ EPC ရုံးအနီးက ရပ်ကွက် ၆ မှာ လက်နက်ကြီးကျည်ထိမှန်တာကြောင့် အမျိုးသမီးတစ်ယောက် ထိခိုက်ပေမဲ့ ဒဏ်ရာ မပြင်းထန်ကြောင်းလည်း ပြောပါတယ်။

“ရှိတော့ ရှိတယ်ဗျ။ ၂ အိမ်ဗျ။ တစ်အိမ်ကတော့ မကွဲဘူး။ တစ်အိမ်ကတော့ ဘေးမှာ ကျပြီးကွဲတယ်။ လူတစ်ယောက်ထိတာတော့ ရှိတယ်။ လွယ်ကုန်ကတဲ့။ လွယ်ကုန်က ဘွားတော်တစ်ယောက်ကတော့ ခြေထောက်ကို နည်းနည်းလေး ထိတာပါ။ အစထိတော့ သူဟာသူ ဆွဲထုတ်ပြီး ဆေးခန်းသွားပြတာ။ ပြီးသွားပြီတဲ့။ ”

အခြားဒေသခံတွေကတော့ စစ်တပ်ဘက်က အရာရှိ တစ်ဦးအပါအဝင် ၁၁ ကျဆုံးကြောင်း ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။ ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကတော့ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးကျဆုံးတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နမ့်ဖတ်ကာသတင်းနဲ့ ပတ်သက်ပြီး မသိရသေးကြောင်း ပြောပါတယ်။

“ဒီနေ့ဖြစ်တာဆိုရင်တော့ ကျနော်တို့ မသိသေးဘူးဗျ။ ”

TNLA တအန်း(ပလောင်)က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်ကို မေးမြန်းရာမှာလည်း အောက်ခြေက သတင်းတက်လာတာ မရှိသေးကြောင်း ပြောပါတယ်။

“မနက်က ကျနော်တို့လည်း သတင်းပေါ်မှာပဲ တွေ့ရသေးတယ်။ လောလောဆယ် ကျနော်တို့ လူတွေဆီမှာ တောက်လျှောက် ဖုန်းဆက်သွယ်လို့လည်း ဖုန်းလိုင်းက ဆက်သွယ်လို့လည်း မရသေးဘူးဖြစ်နေတယ်။”

MNDAA ခေါ် ကိုးကန့်အဖွဲ့ရဲ့ Kokang123.com သတင်းစာမျက်နှာမှာတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ တပ်မတော်က ကျဆုံးသူ ၁၂ ရှိခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာ ဒုတပ်ရင်းမှူး တစ်ယောက်ပါဝင်တယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ စက်သေနတ် ၁ လက်၊ ပစ္စတို ၁လက်၊ ရိုင်ဖယ် ၃လက်၊ ရိုင်ဖယ် ကျည်အိမ် ၁၃ ခုနဲ့ ဗုံးသီးတွေအပါအဝင် ခဲယမ်းတွေ သိမ်းဆည်းရခဲ့ကြောင်း ဖော်ပြထားပါတယ်။ သူတို့ဘက်က အကျအဆုံး ဘယ်လောက်ရှိလဲဆိုတာလည်း ပြောမထားပါဘူး။

တနင်္ဂနွေနေ့ ညနေ ၈ နာရီကျော်လောက်ကလည်း ကွတ်ခိုင်နဲ့ သိန္နီအကြား ရင်ကွဲတောင်မှာ တပ်မတော်နဲ့ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့် ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ တပ်မတော်ရဲ့စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဇွန်လ ၁ ရက်နေ့ကနေ ၃၀ ရက်အထိ ရက်တိုး ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ပါတယ်။

ဒီလို ရပ်ဆိုင်းတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အေးချမ်းစွာ စာသင်ကြားနိုင်ရေးအတွက် ရည်ရွယ်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။ ဒါပေမဲ့ ဒီအပစ်အခတ်ရပ်စဲမှုဟာ နိုင်ငံတော်နဲ့ နိုင်ငံတော်အစိုးရရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကိစ္စရပ်တွေကို ထိပါးလာရင်တော့ အကြံုးမဝင်ဘူးလို့ ဆိုထားပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီတပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့သာမက စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ပါ ဒေသအတော်များများမှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။

https://burmese.voanews.com/a/northern-shan-attacks/5910689.html

No comments:

Post a Comment