နမ့်ဖတ်ကာရှိ စစ်ကောင်စီစခန်းကို ညီနောင်မဟာမိတ် ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် (၁၁)ဦး သေဆုံး
ရွှေဖီမြေ၊ မေလ ၃၁ ရက်၊ ကွတ်ခိုင်
ဒီနေ့ မေလ ၃၁ ရက် မနက် ၁ နာရီဝန်းကျင်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ(၁၂၃) တပ်စခန်းအပါအဝင် နေရာ ၃ ခုကို ညီနောင် မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ AA၊ TNLA၊ MNDAA တို့က တစ်ပြိုင်နက် လာရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံး များပြားခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
မနက် ၁ နာရီဝန်းကျင်ကနေ ၄ နာရီကျော်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၁)ယောက် သေဆုံးပြီး (၁၅)ယောက်နီးပါး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း ပါဝင်တဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက “လက်နက်တွေကတော့ ၅ ယောက်စာ ရသွားတယ်။ တစ်နေရာက မြေပြိုသွားလို့ အဲနေရာက လက်နက်တွေ မရလိုက်ဘူး။ အကျကတော့ ဒုတပ်ရင်းမှူးတစ်ယောက် ပါတယ်။ ကျန်တာက (၁၀)ယောက်ကျတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း နေအိမ်တစ်လုံးထဲကို လက်နက်ကြီး ၂ လုံး ကျရောက်ခဲ့ပြီး ၁ လုံး ပေါက်ကွဲခဲ့လို့ နေအိမ် ထိခိုက်ခဲ့ပေမဲ့ ဒေသခံတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။
နမ့်ဖတ်ကာ ဒေသခံတစ်ဦးက “သူတို့ ခလရ(၁၂၃) တပ်စခန်းကို လာပစ်တာ။ ပြီးတော့ မြို့ပြင် လျှပ်စစ်ဓာတ်အားခွဲရုံမှာစောင့်တဲ့ဟာရယ်၊ ရန်အောင်မြင်ေတာင်ကုန်းမှာစောင့်တဲ့ဟာရယ် ပစ်တာ။ လျှပ်စစ်ဓာတ်အားခွဲရုံမှာစောင့်တဲ့ စကစအရာရှိတစ်ဦးနဲ့ တပ်သား ၉ ဦး ကျဆုံးတယ်လို့ပဲ ကျွန်တော်တို့ ကြားတယ်။ အိမ်တစ်အိမ်ကို လက်နက်ကြီး ၂ လုံးကျတယ်။ တစ်လုံးပေါက်ကွဲလို့ အိမ်ကတော့ ထိသွားတယ်” လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ ညီနောင်မဟာမိတ်အပြင် KIA နဲ့ စစ်ကောင်စီတို့ကြား ဆက်တိုက်ဆိုသလို တိုက်ပွဲပြင်းထန်နေပြီး မနေ့ မနက်ပိုင်းမှာလည်း ကွတ်ခိုင်နဲ့ သိန္နီကြားမှာ TNLA၊ MNDAA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နာရီဝက်နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
https://www.facebook.com/shwepheemyaynews/posts/963991574416974?__cft__[0]=AZVv82Mycl4bJCxQZmOYnBEaqkdGtOWZN8WH-yCvDcb4A5B-FEamMBqk_s2M46Mwgz8oZDBph4B9xKGUYlIjJYSe-jrVhSw2FILsWQdz0_GmM8sp6o2fkihhLNVY7ZOHJPfSVVSbC7_Ta6GsV2kuvRSI&__tn__=%2CO%2CP-R
No comments:
Post a Comment