ဒီကနေ့ ကျောက်မဲမြို့ဆိုင်ကယ်သပိတ်ကို စစ်ကောင်စီတပ်ဖွဲ့မှကားဖြင့်လိုက်တိုက်ပြီး သေနက်ပစ်လိုက်လံဖြိုခွဲ
ကျောက်မဲ | မားနဂါး | မေလ ၃၁ | ၂၀၂၁ခုနှစ် ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ဒီကနေ့မေလ ၃၁ရက်နေ့ မနက်ပိုင်းအချိန်မှာ လူထုတွေအနေနဲ့ စစ်ကောင်စီဆန့်ကျင်ရေးဆိုင်ကယ်သပိတ်ဖြင့် လှည့်လည်ဆန္ဒပြဖော်ထုတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့မှ ကားဖြင့်လိုက်တိုက်ပြီး သေနက်ပစ်လိုက်လံဖြိုခွဲခဲ့တယ်လို့ ကျောက်မဲမြို့ခံပြည်သူတစ်ဦးပြောပြချက်အရသိရပါတယ်။
နံနက်ပိုင်း ၉နာရီအချိန်မှာ ဆိုင်ကယ်သပိတ်ကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံဖြိုခွဲရာမှာ ရာဘာကျည်ဖြင့် ပစ်ခတ် မှုကြောင့် ပြည်သူနှစ်ဦးခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့ကာ ဆိုင်ကယ်တစ်စီးနဲ့ဖုန်းတစ်လုံးကိုပါယူဆောင်သွား တယ်လို့သိရပါတယ်။
ဆန္ဒပြလူထုတွေကိုလိုက်လံဖြိုခွဲခဲ့တာနဲ့ပတ်သက်ပြီး ကျောက်မဲလူငယ်တစ်ဦးက
"သူတို့ သေနက်နဲ့လိုက်ပစ်တယ်။ သူတို့သုံးတဲ့ကျည်ဆံလည်း အစစ်ထင်တယ်။ အဲလိုလိုက်ဖြိုခွဲပြီး ဆန္ဒပြတဲ့ ပြည်သူမိန်းကလေးတစ်ဦးလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
မနေ့မေလ ၃ဝရက်နေ့မှာလည်း ကျောက်မဲမြို့ရှိ ဓာတ်ပုံဆရာ ကိုမင်းမင်းဆိုသူကို စစ်ကောင်စီတပ်ဖွဲ့မှ မေးစရာရှိတယ်ဆိုပြီး သူဆိုင်ထိကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
ကျောက်မဲမြို့ဆန္ဒပြလှုပ်ရှားနေတဲ့ပြည်သူလူထုတွေရဲ့ မှတ်တမ်းပုံတွေကို လိုက်လံရိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်နိုင်ချေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကျောက်မဲမြို့နယ်မှာ ဆန္ဒပြလှုပ်ရှားမှုမှာပါဝင်ဆက်စပ်တဲ့လူငယ် ရဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားတယ်လို့သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4589966017699254?__cft__[0]=AZXDmqL2NWefwlYJazkxDtBviR6w0G-8qYe04wrLlCrQycGrdtRlDAmF3KwQEIU9Zr3WF9gkKEfJRG5rXn6e4Q55P3W3wSk-q4OHu9W4ySCIhv4JGdVmIgKVrNawVJLCteVQFioaLAu3CMlufqdo4JpC&__tn__=%2CO%2CP-R
No comments:
Post a Comment