ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး နေအိမ် ၂၀ နီးပါး လက်နက်ကြီး ထိမှန် ပျက်စီး
NEWS
တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးကို တွေ့ရစဉ်
တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးကို တွေ့ရစဉ်
PUBLISHED 29 APRIL 2021 ထွန်းလင်းအောင် (မြစ်ကြီးနား)
ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်နေပြီး လူနေအိမ် ၂၀ နီးပါး လက်နက်ကြီးထိမှန်ပျက် စီးကြောင်း ဒေသခံများက ပြောကြားသည်။ ဧပြီ ၁၀ ရက်နောက်ပိုင်းတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က အာလောဘွမ် တပ်စခန်းနှင့် အခြားစခန်းငယ်များကို သိမ်းပိုက်ပြီးနောက် စစ်ရေးပြင်းထန်နေခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုများကြောင့် သက်ကြီးရွယ်အို နှစ်ဦးနှင့် မိခင်တစ်ဦး၊ ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း လေးဦး သေဆုံးထားပြီး မင်းဂျမ်း၊ မြို့သစ်၊ ကုန်းနှော၊ စီဟက်စသည့် ကျေးရွာ ၁၀ ရွာကျော်မှာ ဗန်းမော်မြို့နှင့် မိုးမောက်မြို့များသို့ လူပေါင်း ၅၀၀၀ ကျော် ထွက်ပြေးနေကြရခြင်းဖြစ်သည်။
စစ်ရှောင်များကို ရပ်မိရပ်ဖများ၊ အလှူရှင်များနှင့် ပူးပေါင်းကာ ကူညီပေးနေသည့် ကချင်ပြည်နယ် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းကျော်သီဟက “အများဆုံးက ဘုန်းကြီးကျောင်းနှင့် ဆွေးမျိုးအိမ်တွေမှာပဲ။ ဒီနေ့အ ထိ တိုက်လေယာဉ်၊ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်။ အိမ်တွေ လက်နက်ကြီး ထိမှန်လို့ ရစရာမရှိအောင် ဖြစ်တာက အိမ်အလုံး ၂၀ ကျော်ပြီ။ ကျွဲနွားတွေ မိုင်းထိသေဆုံးတာလည်း ၅၀ ကျော်ပြီ။ အခုမိုးရောက်တော့မယ် ဆိုတော့ တောင်သူအခြေပြုတဲ့ ရွာတွေအတွက် စိုးရိမ်စရာ ကောင်းနေတယ်။ မိုင်းတွေလည်း နေရာအနှံ့လို ဖြစ်နေတယ်” ဟု ပြောကြားသည်။
ကုန်းနှောကျေးရွာမှ တောင်သူတစ်ဦးက “ပစ်ထားရတာက အိမ်နဲ့စိုက်ပျိုးရေးသုံး ပစ္စည်းတွေပေါ့။ မိုးကျခါနီးတော့ ဝမ်းစာမစိုက်ရမှာ ပူနေတယ်။ အခုက မိတ်ဆွေအိမ်မှာ တည်းနေတာ။ စားဝတ်နေရေးလည်း သူများ ဟိုပေး ဒီပေး တာတွေကို စားနေရတယ်။ လယ်လုပ်ပြန်ရင်လည်း လယ်ဘေးက မိုင်းတွေကို ကြောက်ရတယ်” ဟု ပြောကြားသည်။
ကေအိုင်အေ အမှတ် ၂ လှုပ်ရှား တပ်မဟာ ထိန်းချုပ်ရေးနယ်မြေက မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်တွင် သွားလာနေသည့် ယာဉ်များပေါ်တွင် တပ်မတော်၏ စစ်လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများနှင့် တပ်ဖွဲ့ဝင်များ တင်ဆောင်ခြင်း မပြုရန်၊ ယာဉ်များမှန် အလုံပိတ်၍သွားခြင်း၊ မိုးကာအုပ်၍ သွားခြင်း မပြုရန်၊ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာကြရန် သတိပေးချက်ကို ဧပြီ ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။
ကေအိုင်အို ဗဟိုပြန်ကြားရေး တာဝန်ခံဖြစ်သူ ဗိုလ်မှူးကြီးနော်ဘူက “မိုးမောက်ဘက်က အာလောဘွမ်စခန်းကို လေယာဉ်လာပစ်တာ လေးရက်ဖြစ်နေပြီ။ တိုက်ပွဲတွေက ယနေ့အထိ ပြင်းထန်နေတုန်းပဲ။ တပ်မတော် ထိုးစစ်ဆင်တဲ့အပေါ် မူတည်ပြီး တိုက်ပွဲက ပြင်းထန်ဖို့ ရှိပါတယ်” ဟု ပြောကြားသည်။
နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကချင်ပြည်နယ်တွင် မတ် ၁၁ ရက်တွင် ဖားကန့် ဇယ်ဇင်းဒေသ၊ မတ် ၁၂ ရက်တွင် ကာမိုင်းဒေသ၊ မတ် ၁၅ ရက်တွင် တနိုင်းလီဒိုလမ်းပိုင်းနှင့် မတ် ၁၅ ရက်နှင့် ၁၆ ရက်များတွင် မြစ်ဆုံအထက်ပိုင်း ဒေသများနှင့် ဒေါ့ဖုန်းယန်းမြို့နယ်ခွဲတို့တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
https://news-eleven.com/article/207435
No comments:
Post a Comment