Saturday, April 24, 2021

ယင်းမာပင်မှ ဘုန်းကြီးကျောင်းကို စစ်တပ်က ဝင်ရောက်စီးနင်း

ယင်းမာပင်မှ ဘုန်းကြီးကျောင်းကို စစ်တပ်က ဝင်ရောက်စီးနင်း

ဆန္ဒပြပွဲဦးဆောင်ဆရာတော်ကို ဖမ်းဆီးရန် စစ်တပ်က တစ်လအတွင်း ဒုတိယအကြိမ် အင်အားအလုံးအရင်းဖြင့် စီးနင်းခြင်း ဖြစ်သည်



Myanmar Now

Published on Apr 24, 2021

စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်နှစ်ဦး

စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်နှစ်ဦး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ လက်နက်ကိုင်တပ်က အင်အားအလုံးအရင်းဖြင့် ယနေ့ ဧပြီ ၂၄ နေ့လယ်တွင် ဝင်ရောက်စီးနင်းခဲ့သည်။ 


မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအတွင်း စီးနင်းမှုတွင် ကျောင်းဆောင်တစ်ဆောင်ကို ဖျက်ဆီးကာ နွေရာသီ ကွန်ပျူတာသင်တန်းအတွက် အသုံးပြုသည့် လက်ပ်တော့ကွန်ပျူတာ အလုံး၂၀ ကို ယူဆောင်သွားကြောင်း သပြေအေးဆရာတော် ဦးသောပါကထံမှ သိရသည်။


“ကျောင်းထဲမှာ စစ်ဖိနပ်ရာတွေချည်းပဲ။ စစ်သား အင်အားအလုံးအရင်းနဲ့လာပြီး အိမ်သာတွေထဲအထိ မွှေနှောက်ရှာဖွေတာ။ ကျောင်းသားလေးတွေရဲ့ သေတ္တာတွေကအစ မွှေနှောက်ဖျက်ဆီးသွားတယ်” ဟု ဆရာတော်က Myanmar Now ကို မိန့်သည်။ 


ယင်းမာပင်မြို့နှင့် ကနီမြို့နယ်တဝိုက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်သည့် သပြေအေးကျောင်းဆရာတော်ကို ဖမ်းဆီးရန် ထိုသို့ အင်အားအလုံးအရင်းဖြင့် ဒုတိယအကြိမ် ဝင်ရောက်စီးနင်း ရှာဖွေခြင်းဖြစ်သည်။




ဆရာတော် ဦးသောပါကသည် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ဆရာတော်တစ်ပါးဖြစ်ပြီး သပြေအေးရွာ၌ ပြန်လည်သီတင်းသုံးနေသည်မှာ ၁၀ နှစ် ဝန်းကျင်ရှိပြီဖြစ်သည်။ 


ယနေ့ စီးနင်းမှုတွင် ဆရာတော်သည် ကျောင်းတိုက်တွင် ရှိမနေခဲ့ပေ။ 




ပြီးခဲ့သည့် ဧပြီ ၂ တွင် ဆရာတော်ကို ဖမ်းဆီးရန် စစ်ကောင်စီတပ်က ရွာကို လာဝိုင်းခဲ့သောကြောင့် ဒေသခံတချို့က တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။ 


အဆိုပါ သပြေအေးတိုက်ပွဲအတွင်း ဒေသခံ ၄ ဦးသေဆုံးခဲ့ပြီး စစ်တပ်ဘက်မှလည်း သေဆုံးထိခိုက် ဒဏ်ရာရသွားသည်ဟု ဒေသခံများက ဆိုသည်။ 


ယခုတစ်ကြိမ်တွင်မူ စစ်ကား ၁၇ စီးဖြင့် လာရောက်စီးနင်းခဲ့သောကြောင့် ဒေသခံများက ပြန်မခုခံနိုင်ခဲ့ပေ။


အာဏာသိမ်းစစ်တပ်သည် ဧပြီလဆန်းမှ စတင်ကာ တူမီးဖြင့် ပြန်ခုခံသော စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်များရှိ ကျေးရွာများကို ပစ်မှတ်ထားဖြိုခွင်းခဲ့ကြပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။


ဒေသခံများကိုင်ဆောင်သည့် တူမီးသေနတ်များ လာရောက်အပ်နှံရန် စစ်ကောင်စီက ကျေးရွာများတွင် လိုက်လံနှိုးဆော်နေသည်။ 


ကနီမြို့နယ်မှ ယာကြီးကျေးရွာဒေသခံတစ်ဦးက “တူမီးတွေလာအပ်ဖို့ သူတို့က လိုက်အော်နေတယ်။ တကယ်တမ်း သူတို့ကသာ ပြည်သူကို လက်နက်ပြန်အပ်ရမှာ။ ပြည်သူတွေရဲ့ အခွန်တွေကရတဲ့ ငွေနဲ့ ဝယ်ထားတဲ့ လက်နက်တွေနဲ့ ပြည်သူကို သတ်နေတဲ့ သူတို့ကသာ လက်နက်ပြန်အပ်ရမှာ။ ကျွန်တော်တို့ကတော့ အပ်စရာအကြောင်းမရှိဘူး” ဟု တုံ့ပြန်သည်။ 


ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အတွင်း ကျေးရွာများတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက တပ်စွဲမှုများရှိနေသည့်အတွက် ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။ 


သပြေအေးကျေးရွာဘုန်းကြီးကျောင်းကို လက်နက်ကိုင်များဝင်ရောက်မှု၊ ဆရာတော်၏ မိန့်ကြားချက်တို့နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။


နိုင်ငံအနှံ့အပြားမှ အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်ကောင်စီ၏ တပ်များက နေ့စဉ် ပစ်ခတ် ဖမ်းဆီးလျက်ရှိသည်။


ည ၈ နာရီတိုင်း သံပုံးတီးသည့် လှုပ်ရှားမှုမှာ ရန်ကုန်တွင် အားအကောင်းဆုံးဖြစ်နေပြီး စစ်ကောင်စီလက်နက်ကိုင်တို့ကလည်း သံပုံးတီးသည့် ရပ်ကွက်များထဲမှ တချို့ကို လိုက်လံဟန့်တားလျက်ရှိသည်။


https://myanmar-now.org/mm/news/6594 

No comments:

Post a Comment