Saturday, April 24, 2021

မန္တလေးတွင် လူငယ်တစ်ဦး အပစ်ခံရပြီး စစ်တပ်က ယူဆောင်သွား

 မန္တလေးတွင် လူငယ်တစ်ဦး အပစ်ခံရပြီး စစ်တပ်က ယူဆောင်သွား

လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေးနေသည်များကို အာရုံပြောင်းစေရန် ကားတာယာမီးရှို့ခဲ့သည့် လူငယ်တစ်ဦးကို အရပ်ဝတ်ရဲများက ပစ်ခတ်ဖမ်းဆီးပြီး ရိုက်နှက်ကန်ကျောက်ကာ ကားပေါ်ဆွဲတင်သွားသည်ဟု မျက်မြင်များက ပြောသည်



Myanmar Now

Published on Apr 24, 2021

ကားတာယာမီးရှို့ခဲ့သည့် လူငယ် အပစ်ခံရပြီး လဲကျနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- CJ) 

ကားတာယာမီးရှို့ခဲ့သည့် လူငယ် အပစ်ခံရပြီး လဲကျနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- CJ) 

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ကားတာယာမီးရှို့သည့် လူငယ်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် စစ်တပ်က ယူဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက Myanmar Now ကို ပြောသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ (ဧပြီ ၂၄) နံနက် ၁၀ နာရီခွဲခန့်တွင် ၆၈ လမ်း၌ ဖြတ်သန်းသွားလာသူများကို တားဆီးပြီး ဆိုင်ကယ်ဘောက်များအတွင်း ရှာဖွေခြင်း၊ ဖုန်းများကို စစ်ဆေးဖမ်းဆီးခြင်းများ ပြုလုပ်နေချိန်တွင် လူငယ်တစ်ဦးက ၆၅ လမ်းနှင့် ၁၀၇ လမ်းပေါ်၌ ကားတာယာများကို မီးရှို့ခဲ့ခြင်းဖြစ်သည်။


“တဖက်မှာ ဖမ်းနေတော့ သူက အာရုံလွဲအောင် တာယာမီးရှို့တာ၊ ရဲတွေက အရပ်ဝတ်တွေနဲ့ဆိုတော့ သူက မရိပ်မိဘူး” ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။


ယင်းသို့ ပြုလုပ်နေချိန် အရပ်ဝတ်ရဲများ ရောက်ရှိလာပြီး လိုက်လံပစ်ခတ်ရာ အဆိုပါလူငယ် ထွက်ပြေးစဉ် ၆၄ လမ်းတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်ဟု သိရသည်။ 




အဆိုပါလူငယ်မှာ ဦးခေါင်းနှင့် ဗိုက်တွင် ကျည်ထိမှန်ကာ မလှုပ်နိုင်တော့သည့်အချိန်တွင် ထပ်မံကာ ဝိုင်း၍ ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်သွားကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။


“ပစ်ခံရပြီးကတည်းက မလှုပ်တော့တာ။ ဒါကို ရှို့ဦးမှာလား၊ ရှို့ဦးမှာလားဆိုပြီး ဝိုင်းရိုက်ကြတယ်။ ပြီးတော့ ခွေးဘီလူးကားပေါ် ဆွဲတင်သွားတယ်။ သွေးတွေကိုလည်း သူတို့ပဲ ဆေးသွားတယ်” ဟု အထက်ပါ မျက်မြင်တွေ့ရှိသူက ပြောသည်။




အဆိုပါလူငယ် မည်သူမည်ဝါဖြစ်ကြောင်း Myanmar Now က လတ်တလော အတည်မပြုနိုင်သေးပေ။


ယနေ့နံနက်ကလည်း ဆန္ဒပြနေသော သပိတ်စစ်ကြောင်းတစ်ခု မဟာအောင်မြေမြို့နယ် သံလျှက်မှော်အရှေ့ရပ်ကွက်တွင် ဖြိုခွဲခံရပြီး လူငယ်များ ထွက်ပြေးတိမ်းရှောင်ရာ ရပ်ကွက်များအထိ စစ်တပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သည်။ ယင်း ဖြိုခွဲမှုတွင် ရပ်ကွက်နေသူတစ်ဦး ကျည်ထိမှန်ကာ ၅ ဦးထက်မနည်း အဖမ်းခံခဲ့ရသည်။

https://myanmar-now.org/mm/news/6589

No comments:

Post a Comment