ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ဖွဲ့စည်းထားတဲ့ မင်းတပ်မြို့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်အင်အားတိုးထားတဲ့ စစ်ကောင်စီတပ်တွေအကြား ဒီကနေ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးနေတာပါ။ ညနေပိုင်းမှာ ပစ်ခတ်မှု ခေတ္တနားပြီး ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမဲ့ အဖြေမထွက်လာဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ မင်းတပ်မြို့ ပစ်ခတ်မှုအခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းထဲကစလို့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား အပြန်အလှန်ပစ်ခတ်နေကြတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ နောက်ထပ်အင်အားဖြည့်ထားတဲ့ န.စ.က စစ်ကောင်စီတပ်တွေနဲ့ ဒီနေ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့တာပါ။ မင်းတပ်မြို့အဝင် ၆ မိုင်ခန့်အကွာကနေ စစ်တပ်ဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပထမ ခံစစ်နေရာကနေ ဆုတ်ခဲ့ရပြီး ဒုတိယခံ စစ်နေရာကနေ ခုခံကာကွယ်နေရတယ်လို့ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လူငယ်ခေါင်းဆောင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
"ကျနော်တို့ ခံစစ် ၃ ခုလုပ်ထားတယ်ပေါ့နော်။ မြို့ကနေ ၆ မိုင်အနားမှာတခု။ ဒီဘက် ၅ မိုင်အနားမှာတခု။ ဒီဘက်မြို့အဝင်နားမှာ တခု။ အဆင့် ၃ ခုလုပ်တာ။ ကျနော်တို့ အတားဆီးဟာ မရတောဘူး၊ နောက်ဆုတ်လိုက်ရပြီး။ အခုသူတို့ ပထမ အတားအဆီးနားမှာ စက်ကြီး အထိုင်ထားပြီးတော့မှ ဒီဘက်ကို တောက်လျှောက်ပစ်နေတာ။ လက်နက်ကြီးတွေကို ၁၀ ဘီးကားကြီးတွေနဲ့ တင်လာတာ။ ပုခုံးထမ်းလောင်ချာတွေလည်း ပါတယ်။ ကျနော်တို့က တူမီးတွေနဲ့ပဲ ပစ်နေတာ။ လက်နက်ကြီးတွေနဲ့ ထုနေတယ်။ ကျနော်တို့ ဒုတိယစည်းမှာတော့ ကျနော်တို့ ရသလောက်ဆက်တားနေတယ်။"
မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့အင်အားအများအပြားနဲ့ ပခုက္ကူမြို့ကနေတဆင့်မင်းတပ်ဘက်ကို လာတာရှိသလို ကန်ပက်လက်ဘက်ကနေ မင်းတပ်ဘက်ကို လာတဲ့ စစ်ကူအဖွဲ့တွေနဲ့ပါ တိုက်ခိုက်နေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ လူငယ်တဦး ကပြောပါတယ်။
"ချင်းပြည်နယ်အတွင်းမှာ သူတို့ ဝင်လာတယ်။ စစ်ကူအတွက်သူတို့ ဝင်လာပြီးတော့မှ လာပစ်တော့ ဖက်ဒရယ်တပ်မတော် ကျနော်တို့ လူငယ်တွေအနေနဲ့ ပြန်ပစ်တာပဲ။ တပ်အင်အားက ၃၀၀ လောက်ရှိတယ်။ ကား ၁၀ စီးနဲ့ ဆင်းလာတာ။ ဒီနေ့ တပ်အင်အားလည်း များတာကိုး။ လက်နက်ကြီးတွေလည်း ပါလာကြတယ်ဆိုတော့။ ကန်ပက်လက်ကနေ ဝိတိုရိယလမ်းကြောရှိတယ်။ မင်းတပ်နယ်ထဲက လမ်းကြောပေါ့။ အဲဒီလမ်းကြောမှာ သူတို့ဝင်သွားတာ။ ဝင်သွားတော့ သစ်ပင်တွေခုတ်၊ ကျောက်ခဲတွေပုံ အဲဒါတွေကိုသူတို့ (တပ်မတော်ဘက်က) စက်ကြီးနဲ့ ရှင်း.. ဝင်လာတော့ ဟိုက ပစ်ကြတယ်။ ရွာထိပ်ကနေ။ အေးစခန်းအထက်နားလေးမှာ။ အဲဒီမှာလည်း အခု ပစ်နေတုန်းပဲ။"
အပြန်အလှန်ပစ်ခတ်မှုမှာ စစ်တပ်ဘက်က ၃ ယောက်ကျပြီး သူတို့ဘက်ကတော့ အသေအဆုံး မရှိဘူးလို့ပြောပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ တပ်မတော်ကို မေးမြန်းဖို့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ညနေပိုင်းမှာ ၂ ဘက် ပစ်ခတ်မှုတွေ ရပ်သွားချိန် စစ်တပ်ဘက်က ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။"အခုကျနော်တို့ ၃ နာရီခွဲလောက်က စနားတယ်။ နားတဲ့နေရာမှာ ကျနော်တို့ နည်းနည်း ညှိနှိုင်းထားတဲ့ဟာရှိသေးလို့ ညှိနှိုင်းတဲ့ဟာ အဖြေမထွက်သေးလို့ ကျနော်တို့ စောင့်နေကြတာ။ ကျနော်တို့ အဖမ်းခံထားရတဲ့ ကလေး ၁၂ ယောက်ကို ပြန်လွှတ်ပေးဖို့ ပြီးတော့လက်ရှိ ကျနော်တို့ဘက်ကို ထိုးစစ်ဆင်လာတဲ့ဟာတွေနောက်ကို ပြန်ဆုတ်ပေးဖို့ တောင်းဆိုတယ် ကျနော်တို့ဘက်က။ သိပ်တော့မယုံရဘူးဗျ။ သူတို့တတွေကအစကတည်းက မယုံရဘူးဆိုတော့။ လောလောဆယ်တော့ သူတို့က ကျနော်တို့ကို မနက်ကတည်းက အမြောက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ကျနော်တို့ကလည်း ရှိတဲ့တူမီးနဲ့ ပြန်ပစ်ကြတယ်။ ကျနော်တို့ဘက်ကတော့ တဦး၊ တယောက်မှတော့ မထိခိုက်ဘူး။ စစ်ကောင်စီဘက်ကတော့ သုံး ဦးကတော့သေချာတယ်။ ဆုံးသွားတာ နှစ် ဦးက သေချာတယ်။ တဦးက ဒဏ်ရာရတာလား၊ သေတာလားမသိဘူး။"
အခုလို ပစ်ခတ်မှုတွေကြောင့် မင်းတပ်မြို့ ဒေသခံမိသားစုအများအပြား တိမ်းရှောင်နေကြရပါတယ်။ ဒေသခံတယောက်ပြောပြတာက။
"တိမ်းရှောင်ကြတယ်တချို့က။ တချို့ကတော့ အိမ်ထဲမှာပဲ သော့တွေ ခတ်ပြီးတော့နေကြတယ်။ တိမ်းရှောင်တာကတော့ တဝက်လောက်ရှိမယ်ထင်တယ်။ ဒါက ခန့်မှန်းချက်ကိုပြောတာပါ။"
မနေ့ညနေကလည်း မင်းတပ်မြို့အဝင် ဂေါက်ကွင်းနားမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ယာဉ်တန်းကို မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ကျဆုံးဒဏ်ရာရရှိခဲ့သလို ယာဉ်တွေလည်း ပျက်စီးခဲ့ပါတယ်။ မနေ့က အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး သုံး ဦး ဒဏ်ရာရကာ ယာဉ်တစ်စီး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်တဲ့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ဧပြီလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတဲ့ ဆန္ဒပြသူအမျိုးသမီး အမျိုးသား စုစုပေါင်း ၇ ဦး ကို ပြန်လွှတ် ပေးဖို့တောင်းဆိုခဲ့ပေမဲ့ ပြန်မလွှတ်ပေးခဲ့ရာကနေ စစ်တပ်နဲ့ မင်းတပ်ဒေသခံပြည်သူတွေအကြား တင်းမာမှု ဖြစ်ပွားပြီး အဲဒီညမှာပဲ အပြန်အလှန်ပစ်ခတ်မှုတွေ စတင်ခဲ့တာပါ။ စစ်တပ်ဘက်က သေဆုံးသူ စုစုပေါင်း ၁၅ ယောက်ထက်မနည်းရှိတယ်လို့ ဒေသခံတွေက ပြောပေမဲ့ အတိအကျ အတည်ပြုဖို့ ခက်နေပါတယ်။
https://burmese.voanews.com/a/chin-and-military-conflict/5868418.html
No comments:
Post a Comment