Thursday, April 29, 2021

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ပုဒ်မများစွာတပ်၍ အမှုဖွင့်ခံရ

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ပုဒ်မများစွာတပ်၍ အမှုဖွင့်ခံရ

ပုဒ်မ ၇ ခု တပ်ခံထားရသော မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက အမှုထပ်ဖွင့်ဦးမည်ဟု ဆိုသည်



Myanmar Now

Published on Apr 29, 2021

ကိုဝေမိုးနိုင် ဆိုင်ကယ်စီးနေစဉ် ကားဖြင့် ဝင်တိုက်ကာ ဖမ်းဆီးခံရပြီး နောက်တစ်နေ့ အွန်လိုင်းတွင် ထွက်ပေါ်လာသော ဓာတ်ပုံ

ကိုဝေမိုးနိုင် ဆိုင်ကယ်စီးနေစဉ် ကားဖြင့် ဝင်တိုက်ကာ ဖမ်းဆီးခံရပြီး နောက်တစ်နေ့ အွန်လိုင်းတွင် ထွက်ပေါ်လာသော ဓာတ်ပုံ

အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသော မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မများစွာဖြင့် စွပ်စွဲကာ အမှုဖွင့်လိုက်ကြောင်း ယမန်နေ့ (ဧပြီ ၂၉) တွင် စစ်ကောင်စီရုပ်သံလိုင်းက ကြေညာခဲ့သည်။


သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ပုဒ်မ ၂၅၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄၊ လူသတ်မှု ပုဒ်မ ၃၀၂၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ လူကိုမတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ ဓားပြမှု ပုဒ်မ ၃၉၅၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က တို့ပါဝင်သည့် ပုဒ်မ ၇ ခုဖြင့် အမှုဖွင့်လိုက်သည်ဟု ဆိုသည်။


ကိုဝေမိုးနိုင်ရင်ဆိုင်နေရသည့် အမှုအရေအတွက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထက်ပင် တစ်ခုပိုနေသေးသည်။


ကိုဝေမိုးနိုင်၏ ထွက်ဆိုချက်များအရ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄၊ တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ်ထိုက်သော ပြစ်မှုကျူးလွန်ရန် အားထုတ်ခြင်း ပုဒ်မ ၅၁၁ တို့ဖြင့်လည်း ဆက်လက်အမှုဖွင့်သွားမည်ဟု စစ်ကောင်စီက ကြေညာသည်။ 




ကိုဝေမိုးနိုင်၏မိခင် ဒေါ်မိုးစန္ဒာကြူက သားဖြစ်သူသည် စွပ်စွဲခံထားရခြင်းသာဖြစ်သည်ဟု ဆိုသည်။ 


“ပွင့်လင်းမြင်သာ ပြည်သူ့တရားရုံးမှာ စစ်ဆေးဖို့ လိုအပ်တယ်။ ရှေ့နေငှားရမ်းခွင့် ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရဖို့လိုအပ်တယ်။ အထဲမှာနေနေရတဲ့အတွက် ကျန်းမာရေးထိခိုက်နစ်နာမှုတွေရှိမရှိ၊ ကျန်းမာရေးစစ်ဆေးခွင့်ကိုလည်းပဲ လုပ်ရဦးမယ်” ဟု ၎င်းကပြောသည်။




အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသော မုံရွာခရိုင်ရှေ့နေများကွန်ရက်မှ ရှေ့နေများနှင့် ဆက်သွယ်၍ မရသေးသဖြင့် အမှုအခြေအနေအသေးစိတ် မသိရသေးကြောင်း ပြောသည်။


ကိုဝေမိုးနိုင်သည် မုံရွာသပိတ်ကော်မတီတွင် ပါဝင်ပြီး ၆၈ ရက်တိုင်တိုင် ပုံစံအမျိုးမျိုးမျိုးဖြင့် ဆန္ဒပြခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ရန် လှုံ့ဆော်ခြင်း၊ CRPH နှင့် ဆက်သွယ်ကာ မုံရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် လူ ၁၅၀ ပါဝင်သော Defense Team ဖွဲ့ကာ ဂတ်စ်သေနတ်၊ လေသေနတ်၊ လက်လုပ်ဗုံး၊ အသံမိုင်းများကို ပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ခြင်းတို့အတွက် တာဝန်ရှိသည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။ 


ထို့ပြင် Defense Team သည် မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့၊ နာရီစင်၊ မြို့တော်ခန်းမနှင့် မုံရွာတက္ကသိုလ်ရှေ့တွင် လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်းလည်း ထပ်မံစွပ်စွဲခဲ့သည်။


မတ်လ ၂၆ တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ရာတွင် ကိုဝေမိုးနိုင်ပါဝင်ခဲ့ပြီး KIA နှင့် KNU တပ်မဟာ ၅ နယ်မြေများသို့ လူအင်အား ၄၅ ယောက် ပို့ဆောင်စေလွှတ်ခဲ့သည်ဟုလည်း စစ်ကောင်စီက ပြောသည်။ 


“မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ” Page မှ ခုခံကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေ ကျပ် သိန်း ၃၁၀ ကောက်ခံရရှိခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။


ထို့ပြင် ကိုဝေမိုးနိုင်နှင့် ဆက်စပ်သည့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်များ၊ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ Defense Team ခေါင်းဆောင်များ၊ ဒေသန္တရလက်လုပ်ဗုံးများနှင့် ဆက်နွယ်သူ အစရှိသည့် လူပုဂ္ဂိုလ် ၂၃ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။


မတ်လ ၂၅ တွင် ရဲနှစ်ဦးအသတ်ခံရသည့် အမှုအတွက် ကိုဝေမိုးနိုင်အပါအဝင် ၄၂ ဦးကို လူသတ်မှုပါဝင်သည့် ပုဒ်မငါးခုဖြင့် တရားစွဲထားပြီး ကလေးသူငယ်လေးဦး ပါဝင်ကြောင်းလည်း သိရသည်။


ကိုဝေမိုးနိုင်ကို ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းတွင် ဆိုင်ကယ်စီးနေစဉ် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကားဖြင့် ဝင်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

 https://myanmar-now.org/mm/news/6641

No comments:

Post a Comment