Thursday, April 29, 2021

မကွေးနဲ့ မိတ္ထီလာက လေတပ်စခန်းတွေ တိုက်ခိုက်ခံရ

 မကွေးမြို့မှာ ရှိတဲ့ လေတပ်စခန်းနဲ့ မိတ္ထီလာမြို့မှာရှိတဲ့ လေတပ်စခန်းတွေ ဒီနေ့ တိုက်ခိုက်ခံရပါတယ်။ အဝေးပစ် လျှပ်စစ်ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။ မကွေးလေတပ်စခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် ဒေသခံတချို့ ဖမ်းဆီးခံရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

ဒီကနေ့ ဧပြီ ၂၉ ရက် မနက်အစောပိုင်းက မကွေးတိုင်းထဲမှာရှိတဲ့ မကွေးလေတပ်စခန်းနဲ့ မန္တလေးတိုင်းထဲမှာရှိတဲ့ မိတ္ထီလာလေတပ်စခန်းတို့ကို အဝေးပစ်လျှပ်စစ် ရှော့တိုက် ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခခဲ့တာပါ။

လေတပ်စခန်း နှစ်ခုလုံးမှာ အပျက်အစီး ကြီးကြီးမားမား မရှိဘူးလို့ စစ်ကောင်စီရဲ့ ဒီကနေ့ သတင်းစာရှင်းပွဲအတွင်း သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်ကြီးအေးသဇင်မြင့်က ပြောသွားပါတယ်။

“ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ မနက် ၃ နာရီမှာပေါ့နော် မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးနဲ့ လာပြီးပစ်တယ်။ ပစ်တဲ့အချိန်မှာ ယာခင်းထဲကို ၃ လုံးကျပြီးတော့ လမ်းပေါ် ၁ လုံးကျပါတယ်။ လူထိခိုက် ဒဏ်ရာရရှိမှုတော့ မရှိခဲ့ပါဘူး။ အဆောက်အအုံတခုတော့ အနည်းငယ်ထိခိုက်ခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ လေဆိပ်အနီး သပြေစမ်းတောင်ရွာနဲ့ စမ်းကန်ရွာအကြား ယာတောထဲက ပစ်ခတ်တယ်လို့ သိရပါတယ်။"

မကွေး လေတပ်စခန်းတိုက်ခိုက်ခံရမှုမှာ စစ်သား ၆ ဦးအထိ သေဆုံးတယ်လို့ ဒေသခံတွေက ပြောနေကြပေမယ့် စစ်ကောင်စီဘက်ကတော့ သေဆုံးဒဏ်ရာရတာ မရှိဘူးလို့ ပြောပါတယ်။ ဒီလိုသေဆုံးဒဏ်ရာရတဲ့ စာရင်းကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

မိတ္ထီလာလေတပ်စခန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီသတင်းစာရှင်းပွဲမှာ ခုလိုပြောသွားပါတယ်။"အလားတူပဲ ဒီနေ့မနက် ၅ နာရီမှာပေါ့နော်။ ၅ နာရီကနေ ၉ နာရီကြားမှာ ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ပဲ ရှော့တိုက်ဒုံး ၅ လုံးနဲ့ပဲ လာပြီးပစ်ခတ်တယ်။ လေယာဉ်ပြေးလမ်း မြောက်ဘက်ထိပ် ယာခင်းထဲကနေပြီးတော့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အနီးအနား ပတ်ဝန်းကျင်ကို ကျည်တွေ ကျရောက်ခဲ့တယ်လို့ သိရတယ်။ လူအဆောက်အအုံ ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ ပစ်ခတ်သူတွေကို ဖမ်းဆီးရမိဖို့အတွက် လုံခြံုရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပါတယ်။”

မကွေးလေတပ်စခန်း ပစ်ခတ်မှုဖြစ်ပြီးနောက် အနားမှာရှိတဲ့ သပြေစမ်းတောင်ရွာနဲ့ စမ်းကန်ရွာသားအချို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ မြို့ဝင်မြို့ထွက်လမ်းတွေကို ပိတ်ဆို့ပြီး ရှာဖွေသလို လုံခြုံရေးတင်းကြပ်စွာ ချထားတယ်လို့ မကွေးမြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“မနက် ၃ နာရီခန့်မှာ ပေါက်ကွဲသံကြားရတာပေါ့။ ပေါက်ကွဲသံကြားတဲ့အခါမှာ အနီးနားအထိကို အိမ်တွေဘာတွေ အကုန်တုန်လှုပ်တာပေါ့နော်။ အသံအကျယ်ကြီးနဲ့ တုန်လှုပ်တဲ့အသံ ၄/၅/၆ ချက် ပေါက်ကွဲသံကို ကြားရတာ။ အချိန်ခန့်မှန်းက မနက် ၃ နာရီလောက်ပေါ့။ အခု သပြေစမ်းရွာက သူတို့ရဲ့ ပစ္စည်းကျန်ရှိတဲ့နေရာ ပစ္စည်းကျန်တဲ့ ယာခင်းပိုင်ရှင်တွေပေါ့နော်။ သပြေစမ်းရွာက ၈ ဦးနဲ့ စမ်းကန်က ၉ ဦးပေါ့။ ယာပိုင်ရှင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ခင်ဗျ။ အဲဒီ ဖြစ်ဖြစ်ချင်းကနေပြီး မင်းဘူးတံတားပေါ့နော်။ မကွေးနဲ့ အနောက်ဘက်တံတားကို အဖြတ်သန်း အပြုမခံဘူး။ နောက်ခါ ကံဖျားပေါ့ နတ်မောက်ရေနံချောင်းဘက်ထွက်တဲ့ ကံဖျားတိုးဂိတ်မှာလည်း သူတို့ပိတ်ပြီးတော့ အဝင်အထွက်တွေကို တင်းတင်းကြပ်ကြပ် မနက်ပိုင်းက တောက်လျှောက် ဆောင်ရွက်နေတယ်။ တောင်တွင်းလမ်းဘက်လည်း တောင်တွင်း တိုးဂိတ်လို့ခေါ်တာပေါ့ မကွေးအထွက်တိုးဂိတ် အဲ့ဒီကောင်ကိုလည်း ကားတွေ၊ ဘာတွေဆိုလည်း စီတန်းပိတ်ဆို့ပြီး စောင့်နေရတာပေါ့။ ၁၁ ကျော်ကျော်လောက်ကျမှာ အဝင်အထွက်ကို ပြန်ပြီးတော့ ဒါတောင်တော်တော် စစ်ဆေးပါတယ်ခင်ဗျ။ မြို့တွင်းကလည်း မနက်ပိုင်း မြို့တွင်းနေရာတော်တော်များများမှာ အင်အားတွေနဲ့ချပြီးတော့ ဆိုင်တွေဘာတွေ ကျနော်တို့ မနက်အခွန်လွတ်စျေးတွေဘာတွေဆိုရင် စျေးရောင်း လာတဲ့သူတွေဆိုရင် စစ်ဆေးတယ်ပေါ့ဗျာ။ နေ့ခင်းပိုင်းလည်း သူတို့သက်ဆိုင်ရာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတာကို ကျနော်တို့တွေ့ရတယ်။”

မိတ္ထီလာမြို့ မှာလည်း လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် မြို့အဝင်အထွက် လုံခြုံရေးကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ မြို့ခံက ပြောပြပါတယ်။

“ရန်ကုန်အထွက်လမ်းရှိတယ်။ မန္တလေးအထွက်လမ်း ကျောက်ပန်းတောင်းဘက်သွားတဲ့လမ်း မြင်းခြံဘက်သွားတဲ့လမ်း ်တောင်ကြီးဘက်သွားတဲ့လမ်း အဲ့ဒါတွေအကုန်လုံးက အဲ့ဒါဖြစ်ပြီးတော့ ပိတ်လိုက်တယ်ပေါ့။ သူတို့ရှာတာဖွေတာ လုပ်ဖို့ ကျနော်က အဲ့ဒီလိုထင်တယ် သူတို့ ပိတ်ဆို့လိုက်တယ်။ နောက်ပြီးတော့ ဒီမှာမြို့ရှောင်လမ်း ရှိတယ်။ မိတ္ထီလာမြို့ အရှေ့ဘက်ကနေပြီးတော့ မန္တလေးနဲ့ သာစည်ကို ဖြတ်ပြီး မိတ္ထီလာအထွက်ကိုပေါ့နော်။ ရှောင်တဲ့လမ်း အဲ့ဒီလမ်းကိုလည်း ပိတ်လိုက်တယ်။ မြို့တွင်းထဲလည်း အဲ့ဒီလောက်တော့ မဖြစ်ဘူး။ သူတို့က ဒါတွေကို ပိတ်ပြီးတော့ အဓိကက မြို့တွင်းကလာတဲ့ဟာတွေကို စစ်နေတာ။”

ဒီကနေ့ မနက်ပိုင်းမှာပဲ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့အဝင်က ခလရ ၃၅ မှာလည်း မီးလောင်ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီတပ်စခန်းထဲမှာ ရှိတဲ့ လက်နက်တိုက် ပေါက်ကွဲမှု ဖြစ်တယ်လို့ဒေသခံ တစ် ဦးက ပြောပြပါတယ်။

“အဲ့ဒီ ၃၅ တပ်ရင်းရဲ့ နားကရွာတွေပေါ့နော်။ အဲ့ဒီနားက ရွာတွေက တိုက်ပွဲဖြစ်နေတဲ့ အသံလိုကြားတယ်ဆိုပြီး ကျနော်တို့ ဒီဘက်ကို လှမ်းအကြောင်းကြားတယ်။ အကြောင်းကြားတော့ နီးစပ်တဲ့နေရာကလူတွေကို လှမ်းမေးတဲ့အခါကျတော့ ဟုတ်တယ်တဲ့ ၃၅ တပ်ရင်းထဲက လက်နက်တိုက် ပေါက်တာတဲ့ တော်တော်လေးကြားတယ်တဲ့ အဲ့ဒီသတင်းတော့ confirm တော့ဖြစ်ပါတယ်။”

ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင်မှာပဲ ခလရ ၃၅ နဲ့အနီးဆုံးဖြစ်တဲ့ သာယာဝတီ လက်ပံတန်းမြို့က မီးသတ်ကားတွေ ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်သေးပါဘူး။

https://burmese.voanews.com/a/ma-gway-mate-hti-la-protest-/5871310.html

No comments:

Post a Comment