Thursday, April 1, 2021

ကရင်စစ်ရှောင်များ အရေးပေါ် အကူအညီလိုအပ်နေ

 ကရင်စစ်ရှောင်များ အရေးပေါ် အကူအညီလိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်။

သောင်းဂဏန်းကျော်ရှိသော ကရင်စစ်ရှောင်များအတွက် အစားအသောက်နှင့် အခြားအသုံးအဆောင်များ အရေးအပေါ် အကူအညီ လိုအပ်နေသည်ဟု အကူအညီ ပေး နေသူများ က ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် KNU တပ်မဟာ ၅ ဧရိယာအတွင်းရှိ ကျေးရွာများမှ ဒေသခံ သောင်းချီ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောသည်။

၎င်းက “တောထဲမှာတော့ နှစ်သောင်းကျော်တယ်။ အဲဖက်မှာလည်း အရမ်းခက်ခဲတယ်။ အခုဆိုရင် အစားအ သောက် မရှိတော့ဘူး။ အရမ်းခက်နေတာဟုတ်တယ်။ ဘယ်လိုကူညီရမလဲဆိုတာ အခုလမ်းကြောင်းရှာနေတုန်း ပဲ” ဟု ပြောသည်။

ကရင်ဒုက္ခသည်ကော်မတီ KRC တာဝန်ရှိသူတစ်ဦးဖြစ်သူ စောဘွေးဒိုကလည်း “အဲဒါကတော့ အများကြီးပဲ ပြော မပြတတ်အောင်ပဲ အရေအတွက်တောင် ဘယ်မှာမှ ရှာလို့မရတော့ဘူး။ လိုအပ်တာကတော့ အကုန်လုံးပဲ သူတို့ ထွက်ပြေးလာတာ ဘာမှမပါလာတာကိုး။ အဝတ်တစ်စုံ ကိုယ်တစ်ခုနဲ့ပဲ ပြေးလာကြတာ စားဖို့သောက်ဖို့က မပါ လာဘူးလေ။ နေထိုင်ဖို့နေရာလည်းမရှိ တဲတွေဘာတွေ ဆောက်ဖို့ လုပ်ဖို့က ဘာမှလုပ်လို့မရဘူးလေ” ဟု ပြော သည်။

တိုက်ပွဲများကြောင့် KNU တပ်မဟာ ၅ ဧရိယာအတွင်းရှိ တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ၊ သေမူဒဲရွာ စ သည့် သံလွင်မြစ်နှင့် မနီးသည့် ကျေးရွာများမှ ပြည်သူ နှစ်သောင်းကျော်သည် တောထဲတောင်ထဲတွင် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။

ထို့အပြင် မယ်နူထရွာ၊ သီးကော်ထရွာ၊ အီးသူထရွာ၊ အူးဝေးကလိုးရွာ စသည့် သံလွင်မြစ်ကမ်းနှင့် နီးသည့် ကျေး ရွာများမှာ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည် မောင်းထုတ် ခဲ့သည်ဟု ကရင်အရပ် ဖက်အဖွဲ့အစည်းများက ပြောသည်။ ထို့ကြောင့် လက်ရှိအချိန်အထိ သံလွင်မြစ်ကမ်းနား နှင့် တောထဲတောင်ထဲတွင် နေထိုင်နေရသည်ဟု ဆိုသည်။

သံလွင်မြစ်ကမ်းဘေးနားသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည် အခြေအနေနှင့် ပတ်သက်၍ စော ဘွေးဒိုက “သူတို့က အခု သံလွင့်မြစ်ကမ်းဘေးနားမှာ လာနေကြတာရှိတယ်။ ထိုင်းက သူတို့ကို ဝင်ခွင့် မပေး ဘူး။ ထိုင်းထဲမှာနေဖို့ကို ထိုင်းအစိုးရက ခွင့်မပြုသေးဘူး။ အခုက နှစ်ထောင်ကျော်ပြီ” ဟု ပြောသည်။

နော်ဝါးခူရှီးကလည်း “အခုက သူတို့က ရွာထဲကနေ ထွက်ပြေးလာကြတယ်။ သံလွင်မြစ်ကမ်းနားမှာ အခုက သံ လွင်မြစ်ကမ်းနားမှာ ရောက်လာတာက စစ်ဘေးရှောင် ၂၁၈၈ ယောက် ထိုင်းဖက်မှာတော့ စာရင်းမရှိဘူး။ ထိုင်း ဖက်က ဝင်လာတဲ့ စစ်ဘေးရှောင်တွေကို မောင်းထုတ်လိုက်တယ်။ အကုန်လုံးမောင်းထုတ်လိုက်တယ်။ မနေ့က သူတို့က စစ်ဘေးရှောင်တွေကို ခေါ်ပြီးတော့ ဓာတ်ပုံရိုက်တယ်။ သူတို့ စစ်ဘေးရှောင်ကို ကူညီတယ် လက်ခံ တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ပြီးတော့ မောင်းထုတ်လိုက်တာပဲ” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက ကရင်စစ်ရှောင်များအတွက် ထိုင်း-မြန်မာနယ်စပ်တွေ နေစရာ စခန်းများ ပြင်ဆင်ပေး ထားပြီး စစ်ရှောင်များကို လက်ခံသွားရန်ရှိသည်ဟု သတင်းမီဒီယာများတွင် ပြောဆိုထား သော်လည်း လက်တွေ့ ဖြစ်ပေါ်နေသည့် အနေအခြေများနှင့် ကွဲလွှဲနေသည်။

ကရင်စစ်ရှောင်များတွက် အရေးပေါ်လိုအပ်နေသည့် ဆန်နှင့် ကုန်ခြောက်ကဲ့သို့ စားစရာများကိုလည်း ထိုင်းစစ် တပ်က ခွင့်မပြုသည့် အတွက် စစ်ဘေးဒုက္ခသည်များအား သွားရောက်ကူညီ၍ မရသည့် အနေအထား တွင် ရှိ နေသည်ဟု ပြောသည်။

နော်ဝါးခူရှီးက “သူတို့အရေးပေါ်လိုအပ်တာက နားနေဖို့နေရာဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ကောင်စီ တပ်တွေက လေယာဉ်နဲ့ လာပစ်လို့လေ အဲဒါကြောင့် ထိုင်းအစိုးရကို မေတ္တာရပ်ခံချင်တာက စစ်ရှောင်တွေ ခေ တ္တခန ခိုလှုံဖို့အတွက် ထိုင်းအစိုးရ အနေနဲ့ စစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံထဲကို ဝင်ခွင့်ပေးစေချင်တယ်။ အဲလို ခေတ္တခန လာရောက်ခိုလှုံတဲ့အခါမှာ နိုင်ငံတကာ အနေနဲ့ ကုန်ကျမယ့် ကုန်ကျစရိတ်တွေကို ထိုင်းအစိုးရကို ကူ ညီပေးစေချင်တယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေါ့နော။ ပြီးတော့ UN ပဲဖြစ်ဖြစ် နိုင်ငံတကာ ပဲ ဖြစ်ဖြစ် ကူညီထောက်ပံမှုတွေ ပေးပို့လို့ရအောင် ထိုင်းအစိုးရနဲ့ စကားပြောပေးဖို့ပေါ့” ဟု ပြောသည်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် များသောအားဖြင့် ကလေး သူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစား အသောက်များအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်းများက ဆို သည်။

မတ်လ ၂၇ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်းစစ်ကောင်စီ၏ အရေး ပါသည့် တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား စစ်ရေးတင်မာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာသည့်အတွက် ဒေသခံများမှာ ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကမ်းနားတစ်လျှောက်နှင့် တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေ ကြရ သည် ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

http://www.nmg-news.com/2021/04/02/13432

No comments:

Post a Comment