Monday, April 26, 2021

မင်းတပ်မှာ ဒေသခံတွေနဲ့အပြန်အလှန်ပစ်ခတ် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ထိခိုက်သေဆုံး

 ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်နဲ့ ဒေသခံတွေ စုဖွဲ့ထားတဲ့ ကာကွယ်ရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်သား၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဖမ်းခံရတဲ့ ဆန္ဒပြသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကနေ အပြန်အလှန် တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ တခါ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်နဲ့ ကနီမြို့နားက ကျေးရွာတွေနဲ့ ပင်လယ်ဘူးမြို့တို့မှာလည်း စစ်တပ်က ဝင်ရှောက် ရှာဖွေဖမ်းဆီးတာတွေပြုလုပ်လို့ ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦးက ပြောပြပါမယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဧပြီလ ၂၄ ရက်နေ့ကလုပ်တဲ့ လူမဲ့ သပိတ်မှာ ပါဝင်သူ ၆ ဦးကို စစ်တပ်က ဖမ်းဆီးသွားတာကြောင့် ဒေသခံတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုပေမယ့် စစ်တပ်ဘက်က ပြန်မလွှတ်ပေးတာကြောင့် အဲဒီနေ့ထဲက စပြီး ဒေသလုံခြုံရေးအတွက် ဖွဲ့ထားတဲ့ ကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်တပ်တို့ ၂ ဖက်အပြန်အလှန် တိုက်ခိုက်နေကြပါတယ်။

ဒီကနေ့ ဧပြီ ၂၆ ရက်မှာလည်း နေ့လည်း ၃ နာရီကျော်လောက်ထဲက တိုက်ပွဲစဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ကျဆုံးတာတွေ ရှိတယ်လို့ Chinland Defence Force အခုလိုပြောပါတယ်။

“အခုက ကျွန်တော်တို့က ၂ နေရာဘက်မှာတိုက်တယ်ဆိုတော့ မင်းတပ်မြို့ပေါ်မှာရယ် အကြမ်းဖက်စစ်တပ်တွေက နောက်ဆုတ်သွားတယ်။ အကျအဆုံးက ၄ ယောက် ၅ ယောက်တော့ ကျသွားတယ်ပေါ့နော်။ ဒီ့ထက်လည်း ဒဏ်ရာပြင်းထန်တဲ့သူတွေရှိတယ်ဆိုတော့ ဒီ့ထက်လည်း ပိုရင်လည်း ပိုနိုင်တာပေါ့။ နောက်ပြီး သူတို့ပြေးသွားလို့ နောက်ဆုတ်သွားလို့ ကားတစီးလည်း ကျွန်တော်တို့ ဖျက်ဆီး လိုက်တယ်ပေါ့နော်။ ဟိုဘက် မတူပီဘက်ကအဆင်း စစ်ကူလာတာကို လုပ်ထားတာရှိတယ်။ သူတို့ဘက်က အထိနာတာများတယ်။ ကျနော်တို့ဖက်က ထိခိုက်ဒဏ်ရာ ဘာမှမရှိသေးဘူး။ မြို့မှာတော့ တပ်ဆုတ်သွားပြီး စခန်းနဲ့ ကားတစီးကျန်ခဲ့တယ်။ ကားတစီးကိုလည်း ဖျက်လိုက်တယ်။”

ဒေသခံတွေဖက်က တူမီးသေနတ်တွေအပါအဝင် လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်ကြတာဖြစ်ပါတယ်။ အခုလို ချင်းပြည်နယ်ဘက်မှာ ပစ်ခတ်တာတွေ ဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်တပ်နဲ့ ဒေသခံတွေကြား ၂ ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ထဲက ကျေးရွာတွေမှာတော့ စစ်တပ်က ဝင်ရောက် ရှာဖွေ ဖမ်းဆီးနေတဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အနီးနား ကျေးရွာတွေအပြင် တောတွေထဲ ထွက်ပြေးနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ကပိုင်၊ သီးကုန်း၊ လက်ပပြား အဲ့ဒီဘက်တွေလည်း လှည့်နေတာပေါ့။ လတ်တလော သူတို့လှည်နေတဲ့ရွာတွေ လာပြီဆိုရင် တရွာနဲ့တရွာ ချိတ်ဆက်မှုအရ အတတ်နိုင်ဆုံး အန္တရာယ်ကင်းကင်းနဲ့ရှောင်နေဖို့ အဲ့ဒါလေးတွေ တရွာနဲ့တရွာချိတ်ဆက်ပြီး တိမ်းရှောင်ရတာ။ လတ်တလောက အဓိက က သောက်ရေ နဲ့ သုံးရေပေါ့။ ဒီပြသာနာ လေးတွေရှိတယ်။ ပြီးတော့ ကိုယ်နေရာ ကိုယ့်ဒေသမဟုတ်တော့ အခြားလုံခြုံတဲ့နေရာရှောင်နေရတာမို့ ကျွန်တော်တို့ အစားအသောက်မှာ အခက်အခဲတွေ့နေတာပါ။”

အဲ့ဒီကျေးရွာတွေက ဒေသခံတွေကိုင်ကြတဲ့ ဒေသလက်လုပ်တူမီးသေနတ်တွေအပြင် ဧပြီလ ၁၉ ရက်နေ့က ဒေသခံတွေ ပစ်ခတ်တာကြောင့် သေဆုံးသွားတဲ့ စစ်သား ၂ ယောက်ဆီက ယူသွားတဲ့ သေနတ်တွေကို အပ်ဖို့ စစ်တပ်က အသိပေးနေပါတယ်။

ယင်းမာပင်နဲ့ကပ်လျက်ရှိတဲ့ ကနီမြို့နယ်က ကျေးရွာအချို့မှာလည်း စစ်တပ်က ဝင်ရောက်ရှာဖွေတာတွေ လုပ်ပြီး အိမ်တွေကနေ ရွှေငွေတွေအပြင် အိမ်မွေး တိရစ္ဆာန်တွေကိုပါ ပစ်ခတ်ယူဆောင်သွားတယ်လို့ ကနီမြို့ခံ တဦးက ပြောပါတယ်။

“ကနီမြို့ကတော့ အခြေအနေမထူးမခြားဘူး ဒီအတိုင်းပဲ။ အဲ့ဒီမုထောရွာမှာ တအားမွှေနေတာ။ ညတုန်းက မွှေတယ်ပေါ့။ မနေ့တုန်းကဆို သမင်ခြံဘက်မွှေတယ်။ ညက မုထောရွာကိုမွှေတယ်။ ဒီနေ့လည်း တနေကုန် မုထောရွာကို မွှေနေတယ်။ ကနီအနီးမုထောရွာမှာ တပ်တွေစွဲထားတယ်။ ညတုန်းကတည်းက ရွာထဲတပ်တွေ ချပြီး ရွာထဲမွှေနေတာ။ လူမရှိတဲ့ အိမ်တွေဆိုရင် တံခါးတွေဖျက်ဝင်တယ်။ ပြီးတော့ အတွင်းထဲရှာတာပေါ့။ ညဆိုရင် စလောင်းတွေ တီဗွီတွေတွေ့တဲ့အိမ်တွေဆိုယူတယ်။ အဝတ်အစားသေတ္ဆာတွေဆိုမွှေတယ်။ ပိုက်ဆံ တွေတွေ့ရင်ယူသွားတာ။ ဆန်အိတ်တွေ အိမ်တွေမှာတွေ့တဲ့ ကြက်တွေဆို တခါတည်းပစ်ချက်စားဖို့ တခါတည်းယူသွားတာ။ ရွာသားတွေက ထွက်ပြေးတဲ့သူကပြေးပေါ့ဗျာ။ တချို့လူကြီးပိုင်းတွေက အိမ်ပြန်ကပ်တယ်။ အိမ်တွေထဲမွှေတာဆိုတော့ တချို့က အိမ်တွေစိုးရိမ်ပြီးပြန်ကပ်တယ်။ လူတွေတော့ အခုနေတော့ ဘာမှမလုပ်သေးဘူး။ တချို့က အိမ်တွေပစ်ပြီးပြေးကြတာဆိုတော့ လူမရှိတဲ့အိမ်တွေထဲ ဝင်မွှေ တံခါးတွေ ရိုက်ဖျက်အဲ့လိုလုပ်ကြတာ။”

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့မှာလည်း စစ်တပ်က စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး လူအချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင် အဖမ်းခံရတဲ့ အမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျွန်မယောက်ကျားနဲ့ ကျမအဖေကို ခေါ်သွားတာ။ ကျမက အနောက်ခန်းမှာနေတာ ကျမယောက်ကျားက အရှေ့ခန်းမှာနေတဲ့ဟာကို လက်ထိပ်ခတ်ပြီး တခါတည်းခေါ်သွားတာ အကျီတောင်မဝတ်နိုင်ဘူး။ ဘာအကြောင်းကြောင့် ဖမ်းတာလည်းဆိုတော့ ကျွန်မတို့က ဘာမှမလုပ်ဘဲဆိုတော့ မေးမြန်းစရာရှိလို့ဆိုပြီး ခေါ်သွားတာ။”

မန္တလေးတိုင်းထဲက မြင်းခြံမြို့မှာဆိုရင်လည်း မနေ့ညပိုင်းက မြို့ပေါ်မှာရှိတဲ့ စားသောက်ဆိုင်က အသက် ၂၀ ကျော် လူငယ်ပိုင်းတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“မနေ့ည ၉ နာရီလောက်က ဘူတာအနောက်ဖက်က ဟောင်ကောင် စားသောက်ဆိုင်မှာ ဖမ်းဆီးမှုတွေ ရှိတယ်ပေါ့နော်။ အသက် ၂၀ ရွယ်ကောင်လေးတွေ ၇ ယောက် ဖမ်းဆီးခံရတယ်ပေါ့။ ဒီနေ့မနက် အစောမှာတော့ ၇(ခ) ရပ်ကွက်ကို သဲအိတ်တွေကို သယ်တယ်။ သဲအိတ်တွေဖယ်ပြီးတော့ သူတို့ခံတပ်လုပ်ဖို့ အတွက် သဲအိတ်တွေ သယ်သွားတယ်ပေါ့။”

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုတွေ နိုင်ငံထဲက ဒေသတော်တော်များများဖြစ်နေချိန်မှာ အိမ်လုပ်လက်နက်တွေ ကိုင်ဆောင်လေ့ရှိကြတဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတချို့မှာတော့ တပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတာဖြစ်ပါတယ်။

https://burmese.voanews.com/a/chinland-defence-force-and-military-council-force-cross-firing/5867129.html

No comments:

Post a Comment