တအာင်း(ပလောင်)ဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးထူထောင်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ဖြစ်တည်လာသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို တအာင်း ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်သည်။
နမ့်ဆန်နှင့် မန်တုံ မြို့နယ်( ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ကို တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
“အဓိကက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီဆိုတော့ ဒီ ၂၀၀၈ ဥပဒေအရ ပေါ်ပေါက်လာတဲ့ ကျ နော်တို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း ရှိတော့မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကျနော်တို့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစား တအာင်းဒေသကို အစားထိုးပြီးမှ ထုတ်ပြန်လိုက်တာပေါ့လေနော်” တအာင်း ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အဖွဲ့ဝင်တစ်ဦး က ပြောသည်။
ယခုဖွဲ့စည်းလိုက်သည့် တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တအာင်းပြည်သူများ၏ လုံခြုံရေး အတွက်လည်း ပြည်သူ့လုံခြုံရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်ဟု ပြောသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၆ (ဃ) အရ ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။
အသစ် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် (Civil Disobedience Movement – CDM) မလုပ် သည့် ဝန်ထမ်းများ၊ စစ်အာဏာရှင်၏ လက်ပါးစေများ၊ စစ်အာ ဏာရှင်နှင့် ပူးပေါင်း နေသူများကိုလည်း CRPH ၏ လမ်းညွန်ချက်များနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည် ဟု ဆိုသည်။
တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြည်ထောင်စု လွှတ် တော်ကိုယ်စားပြု ကော်မတီ (CRPH) ၏ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း ကြေညာချက်ကိုလည်း အပြည့်ဝထောက်ခံ ကြိုဆိုသည်ဟု ဆက် ပြောသည်။
“အဓိကကတော့ CRPH ရဲ့ လမ်းညွန်ချက်တွေနဲ့ ကျနော်တို့က လုပ်ကြပေါ့လေနော်။ စစ်အာဏာရှင် ကျဆုံး ရေး အတွက် တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းဆောင်ရွက်ကြတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ အချက် ၆ ချက် ပါ တာပေါ့လေ။ တစ်ခုနဲ့တစ်ခုက တူမှာမဟုတ်ဘူး။ ပထမတစ်ခုက CRPH ကနေပြီးမှ ၃၁ ရက်နေ့မှာ ၂၀၀၈ ဖွဲ့ စည်းပုံ ပယ်ဖျက်အပြီးသတ် ဖျက်သိမ်းလိုက်ကြောင်းကြေညာတဲ့အချိန်မှာ ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေး အနေနဲ့လည်း ကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအရသွားနေမယ်ဆိုရင် ကျ နော်တို့ လိုချင်တဲ့ ဒီမိုကရေစီလည်း ရနိုင်မှာ မဟုတ်ဘူး။ အဓိက ကျနော်တို့ တိုင်းရင်းသားတွေ လိုအပ်နေတဲ့ ဖက်ဒရယ်ဆိုတဲ့ဟာ လည်း ရောက်နိုင်မှာမဟုတ်တဲ့အတွက် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းတာကို ကြိုဆိုထောက်ခံ တယ်ပေါ့လေနော်” ဟု ၎င်း က ဆက်ပြောသည်။
ဧပြီလ ၁ ရက်နေ့ ဖွဲ့စည်းလိုက်သည့် တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် ကျ ဆုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တအာင်းပြည်သူများ၊ ရပ်မိ ရပ်ဖ များ၊ မိဘပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။
“အဓိက က ကျနော်တို့ ဒေသမှာ ရှိနေတဲ့ မိဘပြည်သူတွေ နဲ့အတူ လိုချင်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ၊ သွား ချင် တဲ့ ဖက်ဒရယ်တွေ ကျနော်တို့ ဒေသမှာ ရှိနေတဲ့ ပြည်သူ လူထုတွေရော၊ CRPH က အကောင်အထည်ဖော် နေတဲ့ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေရော လက်တွဲသွား ပြီးတော့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို အတူတကွလုပ်ဆောင်ပြီးမှ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရောက်အောင်သွားမယ်ပေါ့လေ” ဟု တအာင်း ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အဖွဲ့ဝင်တစ်ဦး က ဆက်ပြောသည်။
တအာင်း ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် တအာင်းအမျိုးသားပါတီ TNP၊ တအာင်းလူငယ်များ၊ တအာင်း ဥပဒေပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ နှင့် ရပ်မိရပ်ဖများ ပါဝင်သည်ဟု သိရသည်။
http://www.nmg-news.com/2021/04/02/13424
No comments:
Post a Comment