Friday, April 2, 2021

သတင်းယူရင်း ဖမ်းခံရသည့် သတင်းထောက်နှစ်ဦးကို မြစ်ကြီးနားရဲက အမှုဖွင့်

 သတင်းယူရင်း ဖမ်းခံရသည့် သတင်းထောက်နှစ်ဦးကို မြစ်ကြီးနားရဲက အမှုဖွင့်

သတင်းယူရင်း ဖမ်းဆီးခံထားရသည့် Kachinwaves သတင်းဌာနမှ သတင်းထောက် ကိုလရော်

10.6k

By ဧရာဝတီ 2 April 2021

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို သတင်းယူနေရင်း ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦးကို ရဲက ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့လိုက်ပြီဟု သတင်းရရှိသည်။


ဖမ်းဆီးခံထားရသည့် သတင်းထောက်နှစ်ဦးသည် Kachinwaves သတင်းဌာနမှ သတင်းထောက် ကိုလရော်နှင့် The 74 Media မှ မချန်ဘူတို့ ဖြစ်သည်။


၎င်းတို့နှစ်ဦးသည် မတ် ၂၉ ရက်၊ နေ့လည်ပိုင်းက မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ လူထုသပိတ်စစ်ကြောင်းတွင် သတင်းယူနေစဉ် စစ်တပ်နှင့်ရဲက သပိတ်ကို ရိုက်နှက်ဖြိုခွင်းရာ ကိုလရော်နှင့် မချန်ဘူတို့ကိုလည်း ရိုက်နှက်ကာ ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။


ကိုလရော်နှင့် မချန်ဘူကို မြစ်ကြီးနားမြို့ရဲစခန်းတွင် ၂ ရက်တာ ချုပ်နှောင်ထားခဲ့ပြီး ဧပြီ ၁ ရက်တွင် ၅၀၅ (က)ဖြင့် အမှုဖွင့်ကာ မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။


ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) သည် အများပြည်သူ၏ အကျိုးကို ပျက်စီးစေမှုကို လုပ်ဆောင်သည်ဟု ယူဆပါက တရားစွဲဆိုနိုင်သည့် ပုဒ်မဖြစ်သည်။


Kachinwaves သတင်းဌာနမှ အယ်ဒီတာ တဦးက “ဖုန်းတလုံးနဲ့ပဲ သတင်းယူနေချိန်မှာ ဖမ်းဆီးခံရတာပါ။ ကျနော်တို့သတင်းထောက်က ဘာဥပဒေမှလည်း မချိုးဖောက်ထားဘူး။ အခုလို သတင်းယူရင်း ဖမ်းဆီးခံရတာက အရမ်းကို ဆိုးဝါးလွန်းပါတယ်။ အမြန်ဆုံးလွတ်မြောက်ဖို့ပဲ ကျနော်တို့ မျှော်လင့်တယ်”ဟု

ပြောသည်။


သတင်းမီဒီယာဥပဒေ၏ အခန်း (၃)၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ ပုဒ်မ ၇ တွင် သတင်းမီဒီယာသမား များသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူဆန္ဒပြရာ နေရာများတွင် သတင်းရယူခွင့် ရှိကြောင်း ပြဌာန်းထားသည်။


သတင်းရယူနေချိန် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတရပ်ရပ်က ဖမ်းဆီးထိန်းသိမ်းခြင်း၊သတင်းမှတ်တမ်း များ၊ သတင်းရယူခြင်း နှင့် သက်ဆိုင်သည့် ကိရိယာများကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများမှလည်း ကင်းလွတ်စေရမည်ဟု သတင်းမီဒီယာဥပဒေ၏ ပုဒ်မ ၇ ၊ ပုဒ်မခွဲ (က) တွင် ပြဌာန်းထားသည်။


ဖမ်းဆီးခံထားရသည့် ကိုလရော်နှင့် မချန်ဘူတို့ နှစ်ဦးကို ရဲစခန်းတွင် ချုပ်နှောင်ထားစဉ်က ၎င်းတို့၏ မိသားစုဝင်များက ထမင်းချိုင့်လာပို့ရာတွင် ပို့ခွင့်ရှိသော်လည်း ၎င်းတို့၏ သတင်းဌာနမှ တာဝန်ခံများနှင့် ရှေ့နေက တွေ့ခွင့်မရသေးကြောင်း သိရသည်။


ကိုလရော်၏ ရှေ့နေ ဦးသက်ထွန်းဦးက “မနေ့က သူတို့ကို ချုပ်ရမာန်ယူပါတယ်။ ဧပြီ ၉ ရက်နေ့အထိပါ။ ချုပ်ရမာန် ဆိုတာက ပုဒ်မကတော့ မဖြစ်သေးဘူး။ သူတို့ ရမာန်ယူထားတုန်းမှာ အမှုကို တည်ဆောက်လိမ့်မယ်။ ဒီကြားထဲမှာ အမှု တည်ဆောက်လို့ မရဘူး လွှတ်ရမယ့်ဟာဆိုလည်း ပြန်လွတ်တာ ရှိတယ်။ တရားရုံးကို သူတို့က စွဲတင် မလာသေးဘူး” ဟု ပြောသည်။


ဦးသက်ထွန်းဦးသည်လည်း ၎င်း၏ အမှုသည် ကိုလရော်နှင့် တွေ့ခွင့် မရသေးဘဲ ရမာန်ယူရာတွင်လည်း မသိရှိလိုက် ကြောင်း ပြောသည်။


ဆက်လက်ပြီး ဦးသက်ထွန်းဦးက “ဥပဒေအရဆို ၂၄ နာရီထက် ကျော်ချုပ်ခွင့်မရှိဘူး။ ၂၄ နာရီကျော်ရင် တရားရုံးကနေ ချုပ်မိန့်တောင်းရတယ်။ အခုလောလောဆယ် အဖြစ်အပျက်တွေကျတော့ ၂၄ နာရီထက်လည်း ကျော်ချုပ်တာ ရှိတယ်။ ဘယ်နေ့ ရမာန်တာတောင် ကျနော်တို့က မသိရဘူး။ မသိရတော့ အမှုသည်နဲ့ တွေ့ဖို့ကလည်း အဆင်မပြေဘူး”ဟု ပြောသည်။


ချုပ်ရမာန်ပြည့်ပြီး တရားရုံးထုတ်သည့် ရက်မှသာ မည်သည့်ပုဒ်မဖြင့် တရားရုံးကို အမှုဆွဲတင်လာပြီး တရားလိုက မည်သူ ဆိုသည်တို့ကို သိရှိရမည်ဟု ဦးသက်ထွန်းဦးက ပြောသည်။


လက်ရှိတွင် ရဲက အမှုဖွင့်ထားသည့် ပုဒ်မ ၅၀၅ (က)သည် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင် ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။


ပုဒ်မ ၅၀၅ (က)၏ အဓိပ္ဗာယ်ဖွင့်ဆိုချက်မှာ မည်သူမဆို အစိုးရ၊ တပ်မတော်တို့တွင် တာဝန်ထမ်းဆောင်နေသူများ ကို ကျန်းမာရေး၊ စည်းမျဉ်းစည်ကမ်းနှင့် လုပ်ငန်းတာဝန်များ ပျက်စီးအောင် နှောင့်ယှက်ခြင်း၊ နှောင့်နှေးအောင် လုပ်ခြင်း၊ ပိတ်ပင်တားဆီးခြင်းများ ပြုလုပ်ခြင်း၊ အစိုးရနှင့် တပ်မတော် အမှုထမ်းများကို လုပ်ငန်းတာဝန်များ မနာခံစေရန်နှင့် သစ္စာဖောက်ဖျက်စေရန် အတွက် ပြုလုပ်ပါက တရားစွဲဆိုနိုင်သည့် ပုဒ်မဖြစ်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။


ထိုပုဒ်မသည် အာဏာသိမ်းစစ်ကောင်စီ၊ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်တွင် ပြင်ဆင်ထားသည့် ပုဒ်မ ဖြစ်သည်။


စစ်တပ်သည် အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်နေသည့် လူထုကို ရိုက်နှက်ဖြိုခွင်းခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း များ ပြုလုပ်နေပြီး ထိုမြင်ကွင်းများကို သတင်းမီဒီယာဥပဒေနှင့်အညီ သတင်းရယူနေသည့် သတင်းထောက်များကိုလည်း ဖမ်းဆီးကာ တရားစွဲဆိုခြင်းများ ပြုလုပ်လျက် ရှိသည်။


စစ်တပ်က အာဏာသိမ်းထားသည့် ရက်ပေါင်း ၆၀ ကျော်အတွင်း သတင်းဌာန ၅ ခုကို ထုတ်ဝေခွင့် လိုင်စင်များ ရုတ်သိမ်းကာ သတင်းဌာနတခုကို တရားစွဲဆိုထားပြီး သတင်းထောက် ၂၈ ဦးကို ဖမ်းဆီးထားသည်။


ဖမ်းဆီးခံထားရသည့်ထဲမှ သတင်းထောက် ၁၅ ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားသည်။

https://burma.irrawaddy.com/news/2021/04/02/240242.html

No comments:

Post a Comment