Wednesday, April 28, 2021

မကွေးလေတပ်စခန်းနှင့် မိတ္ထီလာလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

 မကွေးလေတပ်စခန်းနှင့် မိတ္ထီလာလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ

NEWS


PUBLISHED 29 APRIL 2021

မကွေးလေတပ်စခန်းနှင့် မိတ္ထီလာလေတပ်စခန်းတို့တွင် ယနေ့ (ဧပြီ ၂၉ ရက်) နံနက်ပိုင်း၌ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး အေးသဇင်မြင့်က ပြောကြားသည်။


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် Zoom Meeting ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ကြီး အေးသဇင်မြင့်က အထက်ပါအတိုင်း အတည်ပြုပြောကြားခြင်းဖြစ်သည်။


“မကွေးလေတပ်စခန်းနဲ့ မိတ္ထီလာလေတပ်စခန်း ပစ်ခတ်ခံရမှုပေါ့နော်။ အဲဒါကတော့ ဒီကနေ့ ဧပြီ ၂၉ ရက် ဒီကနေ့မနက် ၃ နာရီမှာပေါ့နော်။ မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး လေးလုံးနဲ့ လာပြီး ပစ်တယ်။ ပစ်တဲ့အချိန်မှာ ယာခင်းထဲကို သုံးလုံးကျပြီးတော့ လမ်းပေါ်ကို တစ်လုံးကျပါတယ်။ လူထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိခဲ့ပါဘူး။ လေတပ်က အဆောက်အဦတစ်ခုတော့ အနည်းငယ် ထိခိုက်ခဲ့ပါတယ်” ဟု ဗိုလ်ကြီး အေးသဇင်မြင့်က ပြောကြားသည်။


မကွေးလေတပ်စခန်း ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ စစ်ဆေးရာတွင် လေဆိပ်အနီးရှိ မြေစမ်းတောင်ရွာနှင့် စမ်းကန်ရွာအကြား ယာတောထဲမှ ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။


ထို့အတူ ဧပြီ ၂၉ ရက် နံနက် ၅ နာရီနှင့် ၉ နာရီအကြားတွင် မိတ္ထီလာလေတပ်စခန်းအား ၁၀၇ မမရှော့တိုက်ဒုံး ငါးလုံးဖြင့်ပင် လာရောက်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီး အေးသဇင်မြင့်က ပြောကြားသည်။


အဆိုပါ ပစ်ခတ်မှုကို လေယာဉ်ပြေးလမ်းထိပ်ရှိ ယာခင်းထဲမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပစ်ခတ်မှု အချို့ကြောင့် မိတ္ထီလာလေတပ်စခန်းအနီးရှိ ရွာများနှင့် ယာခင်းများထဲသို့ ကျည်ကျရောက်မှုများ ရှိခဲ့သည်ဟု သိရကြောင်းလည်း ဗိုလ်ကြီး အေးသဇင်မြင့်က ပြောကြားသည်။


မိတ္ထီလာလေတပ်စခန်း ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ လူ အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ၁၀၇ မမရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ကြီး အေးသဇင်မြင့်က ပြောကြားသည်။

https://news-eleven.com/article/207454

No comments:

Post a Comment