စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း ကျွဲ ၂ ကောင်နင်းမိ၊ ၁ ကောင် သေဆုံးပြီး တစ်ကောင် ဒဏ်ရာရ
ရွှေဖီမြေ၊ မေလ ၁ ရက်၊ နမ့်ခမ်း
နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဟာ ကျေးရွာသားတွေကို ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ လက်ဖက်ခြံသွားတဲ့လမ်းမှာ မိုင်းထောင်ထားတဲ့အတွက် ပန်ဟန်ကျေးရွာက ဦးနိုင်စွမ်ရဲ့ ကျွဲ ၂ ကောင် မိုင်းနင်းမိပြီး ၁ ကောင်သေဆုံးကာ တစ်ကောင်က ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ဧပြီလ ၁၉ ရက်မှာ မိုင်းစထောင်ခဲ့တာဖြစ်ပြီး ကျွဲမိုင်းနင်းပြီး ဧပြီလ ၂၀ ရက် နောက်ပိုင်းမှ မိုင်းဝီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားစာ ရောက်လာခဲ့တာဖြစ်ပါတယ်။
“မိုင်းထောင်တဲ့နေရာက သူတို့တပ်စခန်းနဲ့ အဝေးကြီးပဲ။ အဲထောင်ထားတဲ့နေရာလည်း လူတွေသွားလာတဲ့နေရာတွေ။ ပြီးတော့ ကျွဲတွေလည်း အမြဲတမ်း သွားလာနေကျနေရာတွေ။ အခုတော့ ဘာအကြောင်းမကြားဘဲ မိုင်းထောင်တော့ နင်းမိကုန်တယ်။ တော်သေးတယ်။ ကျွဲသာမနင်းမိရင် လူတွေသွားနင်းမိတော့မှာ” လို့ ကျွဲပိုင်ရှင်ဖြစ်သူ ဦးနိုင်စွမ်က ပြောပါတယ်။
ကျွဲ ၂ ကောင်ရဲ့ တန်ဖိုးဟာ ကျပ်သိန်း (၄၀)လောက်ရှိပြီး မိုင်းနင်းမိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ခေါ်ယူပြောဆိုတာတွေ မရှိသေးပါဘူး။
သေဆုံးသွားတဲ့ တစ်ကောင်ကို ပိုင်ရှင်ဖြစ်သူက မြေမြှုပ်သဂြိုလ်လိုက်ပြီး ကျန်တစ်ကောင်ကိုတော့ ဆေးကုသပေးနေပါတယ်။
အခုလို စစ်ကောင်စီတပ်ဘက်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လူသွားလမ်းပေါ်မှာ မိုင်းထောင်တဲ့အတွက် သေဆုံးသွားတဲ့ ကျွဲတွေအတွက် လျော်ကြေးရလိုတယ်လို့ ဦးနိုင်စွမ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်လည်း စစ်ကောင်စီတပ်ရဲ့ မိုင်းကြောင့် ကျွဲတစ်ကောင် သေဆုံးခဲ့ဖူးပြီး သေဆုံးမှုအတွက် လျော်ကြေးတစ်စုံတစ်ရာ ပေးထားတာမျိုး မရှိခဲ့ပါဘူး။
https://www.facebook.com/shwepheemyaynews/posts/945003192982479?__cft__[0]=AZWVM7TA63xYnApNRIMFNfWtCTIFqSH6b2NZy1AVmPl4MxA9rFuSzN9NrHuxeG1KP-dlaE0WsoSrhmQuGGiinX2CT38lavimqoDX5ywYNaV6mibTQlxQUGNMUH4C1R-4oYFs1xvYb_Kfr5e_QjXVs0dL&__tn__=%2CO%2CP-R
No comments:
Post a Comment