ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လှုပ်ရှားမှု ပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်တပ်က ရွာတွေထဲထိ ဝင်ရောက်ပစ်ခတ်လို့ ၄ ဦး သေဆုံးခဲ့ ပါတယ်။ စစ်တပ်တွေ မြို့ထဲ ဝင်မလာနိုင်အောင် တားဆီးပိတ်ဆို့တာ၊ တူမီးလက်နက်တွေ သုံးပြီး ကာကွယ်ခုခံခဲ့တာကြောင့် ခုလို စစ်တပ်ဘက်က တုံ့ပြန်နေတာပါ။ ဒါကြောင့် ကလေးနဲ့ ဂန့်ဂေါ ကားလမ်းမ၊ ကလေးမြို့အဝင်နားက ရွာသားတွေထောင်နဲ့ချီပြီး ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာသလို လုံခြုံရေးတပ်ဖွဲ့တွေ မလာနိုင်အောင် ကလေး-ဂန့်ဂေါမြို့ကားလမ်းကိုလည်း ပိတ်ဆို့ တားဆီးခဲ့တာကြောင့် စစ်တပ်က ကျေးရွာသားတွေကို ပစ်ခတ်၊ ဖမ်းဆီးနေတာကြောင့် ရွာသား အများအပြား တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။
ကလေးနဲ့ ဂန့်ဂေါကားလမ်းမ ကလေးမြို့အဝင်နားက နတ်ချောင်း၊ ငဖားနဲ့ ချောင်းခွကျေးရွာမှာ မနေ့ ဧပြီလ ၁ ရက်နေ့က စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ချောင်းခွရွာသား ၃ ဦးနဲ့ ဝေဘူလရွာသားတဦး သေဆုံးသွားတယ်လို့ ရွာသားတယောက်က ပြောပါတယ်။
“သူတို့က ရွာထဲဝင်ပြီးပစ်နေတာဗျ။ သူတို့ရန်သူလည်းမဟုတ်ဘူး။ သူတို့ကအိမ်အောက်မှာ အေးအေးထိုင်တဲ့သူပါ။ ချောင်းခွမှာ ၄ ယောက်။ ချောင်းခွမှာကလေး- ၈ နှစ်တယောက်နဲ့ ၅၀ ကျော်တဲ့ တယောက်။ တယောက်က ၆၀ ကျော်တဲ့။ တယောက်က ဝေဘူလ။ အဲဒီကောင်က တယောက်။ ချောင်းခွ မနေ့က သေတာ ၄ ယောက်ပေါ့။”
ဒီနေ့မှာလည်း ကလေးမြို့နယ် သံဖိုကျေးရွာဘက်ကို ဝင်ရောက်စစ်ဆေးရှာဖွေနေမှုကြောင့် ရွာသား ထောင်ချီဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ရွာသားတဦးကပြောပါတယ်။
“မနေ့ညက စစ်တပ်တွေက ကျနော်တို့ရွာကိုဝင်လာတာနဲ့ အိမ်တွေလည်း ဖောက်တယ်။ သေနတ်တွေလည်း ရှာတယ်။ ပိုက်ဆံတွေလည်း ယူကြတယ်ဗျ။ ကြောက်တာနဲ့ ကျနော်တို့ရွာကို ထွက်ပြေးနေတာဗျ အခု။ အခုသံဖိုကျေးရွာအခြေအနေက ဒုက္ခသည်ဖြစ်တာပေါ့။ သံဖိုက လူပေါင်း ၄,၅၀၀ ကျော်လောက်ရှိတယ်။ အခု ၄,၀၀၀ လောက်တော့ ရွာကနေထွက်ပြေးနေတာဗျ။ ရှောင်ပုန်းနေတာဗျ။ ဟိုတောင်ထဲရှောင်တဲ့သူကလည်း တဝက်။ ဟို မေတ္တာမြစ်ထဲရှောင်တဲ့လူလည်း ပါ အကုန်။”
သံဖိုနဲ့ ချောင်းခွရွာတွေက ရွာသားအများစု ထွက်ပြေးနေကြပြီး ရွာမှာသက်ကြီးရွယ်အိုတချို့သာ ကျန်နေခဲ့တယ်လို့ ပြောပါတယ်။ ကလေးမြို့ထဲကို စစ်ကူလုံခြုံရေးတပ်ဖွဲ့တွေ ဝင်မလာနိုင်အောင် ကလေး-ဂန့်ဂေါမြို့ကားလမ်းဘေးက ရွာသားတွေက လမ်းတွေ ပိတ်ဆို့တားဆီး ခုခံခဲ့တာကြောင့် ခုလို ရွာတွေကို တပ်က ပစ်မှတ်ထား ဖြိုခွင်းပစ်ခတ်တာလို့ကလေးမြို့ခံတဦးက ပြောပြပါတယ်။
“အဓိကတော့ ကလေးမြို့ကိုစစ်ကူလာတဲ့ ဂန့်ဂေါဘက်က စစ်သားတွေကို ကလေးမြို့ထဲလာလို့ မရအောင် ရွာသားတွေက လမ်းကိုပိတ်ဆို့တဲ့ ဟာမျိုးတွေ လုပ်တယ်ပေါ့လေ။ ကလေးမြို့က စစ်သားတွေ အဲဒီဘက်ကိုဆင်းသွားပြီးတော့ အဲဒီလိုပိတ်ဆို့တဲ့ရွာသားတွေကို လှမ်းပစ်တာပဲ။ သူတို့တတွေက။ ပစ်တော့ ဟိုဖက်ကရွာသားတွေကလည်း ခုခံစံနစ်၊ သူတို့ရရာလက်နက်နဲ့ ဆွဲပြီးပြန်ပစ်တာလေ။ အဲဒီချောင်းခွတခုတည်း မဟုတ်ဘူး။ အဲဒီမတ်လ ၃၁ ကတည်းက နတ်မြောင်းတို့၊ ပန်းချောင်းတို့ ပြီးတော့ငဖားတို့ တောက်လျှောက်သူကဖြစ်နေပြီ။ စစ်သားတွေကအဲဒီဘက်ကိုဖိနေတာ။”
ကလေးမြို့က ဆန္ဒပြပွဲတချို့မှာ တပ်ဖွဲ့တွေဘက်က လက်နက်နဲ့ အပြင်းအထန်ပစ်ခတ်ခဲ့သလို ဆန္ဒပြပြည်သူတွေဘက်ကလည်း တူမီးသေနတ်၊ လေသေနတ်၊ ဂက်စ်သေနတ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ကြပါတယ်။
ကလေးတက္ကသိုလ်အနီးမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဧပြီ ၁ ရက် ညပိုင်းက ၁၉ နှစ်အရွယ် မောင်ဉာဏ်လင်းထက် သေဆုံးခဲ့ပါတယ်။
“မနေ့ညတော့ ၉ မိုင်ဘက်မှာ ကလေးတက္ကသိုလ်နားမှာ ပစ်ခတ်လို့ ခိုင်ကမ်းမြို့ကတယောက် အသက် ၁၉ နှစ်အရွယ် တယောက်တော့ကျသွားတယ်။”
ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ရက်ဆက်ဖြစ်ပွါးနေသလို ဆန္ဒပြပွဲတွေကို စစ်တပ်ဘက်က အကြမ်းဖက် ဖြိုခွင်းမှုတွေ တိုးလုပ်နေပြီး လူထုဘက်ကလည်း ရရာ လက်နက်နဲ့ ကာကွယ် ခုခံ တုံ့ပြန်နေကြပါတယ်။
https://burmese.voanews.com/a/kalay-tahann-protest-military-coup-killed-4-people-april-2-/5838253.html
No comments:
Post a Comment