Tuesday, April 27, 2021

မြန်မာဘက်မှ ထွက်ပြေး တိမ်းရှောင်လာသည့် ရွာသားများကို ထိုင်းနိုင်ငံက ယာယီခိုလှုံရေးစခန်းများတွင် လက်ခံပေးမည်ဟု Bernama သတင်းဌာနတွင် ဖော်ပြ

 မြန်မာဘက်မှ ထွက်ပြေး တိမ်းရှောင်လာသည့် ရွာသားများကို ထိုင်းနိုင်ငံက ယာယီခိုလှုံရေးစခန်းများတွင် လက်ခံပေးမည်ဟု Bernama သတင်းဌာနတွင် ဖော်ပြ

NEWS


PUBLISHED 28 APRIL 2021 REF: BERNAMA

ထိုင်းနယ်စပ်အနီးက မြန်မာ့တပ်မတော်စခန်းတစ်ခုကို တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ရွာသားများကို ထိုင်းနိုင်ငံက ယာယီခိုလှုံရေးစခန်းများတွင် လက်ခံပေးသွားမည် ဖြစ်ကြောင်း Bernama သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။


သက်ဆိုင်ရာ လုံခြုံရေးဌာနများသည် ထိုင်းစစ်တပ်၏ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ၊ ထိုင်းနိုင်ငံ၏ ရောဂါထိန်းချုပ်ရေး စံနှုန်းများနှင့် အများပြည်သူ ကျန်းမာရေးအစီအမံများနှင့်အညီ ထွက်ပြေး တိမ်းရှောင်လာသူများကို လက်ခံပေးသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တာနီဆန်ဂရတ်က ပြောကြားသည်။


မငြိမ်မသက်မှုများ ဆက်လက် ဖြစ်ပေါ်နေပြီး တိုက်ပွဲများ ပြင်းထန်နေမည်ဆိုပါက ၎င်းတို့ကို နယ်စပ်နှင့် တစ်ကီလိုမီတာအကွာရှိ ယာယီခိုလှုံနိုင်သော နေရာတစ်ခုထံ ပြောင်းရွှေ့ပေးရန် စီစဉ်ထားကြောင်းနှင့် အစားအသောက်နှင့် ဆေးဝါး အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဟု ၎င်းက ပြောကြားသည်။


ထပ်မံလိုအပ်မည့် ထောက်ပံ့မှုများကိုလည်း အစိုးရနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများက ပေးအပ်သွားမည် ဖြစ်ကြောင်းကိုလည်း ၎င်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။


ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် မနက် ၅ နာရီခန့်က ကရင်တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ ဖြစ်သည့် KNU နှင့် KNLA တို့သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ Mae Sam Laep ကျေးရွာနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် မြန်မာ့တပ်မတော်၏ စခန်းတစ်ခုကို ထိုက်ခိုက်ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။


အဆိုပါဖြစ်စဉ်သည် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာလွှဲပြောင်း ရယူခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံး ထိတွေ့တိုက်ပွဲဖြစ်ပွားမှု တစ်ခုဖြစ်သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြထားသည်။


ထိုင်းအာဏာပိုင်များကလည်း မြန်မာဘက်ခြမ်းတွင် လေကြောင်းမှတိုက်ခိုက်မှု ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး အသေအပျောက်စာရင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။


သို့သော်လည်း ယင်းဖြစ်စဉ်ကြောင့် ကျေးရွာရှိ ထိုင်းဒေသခံ ၂၅၀ သည် မယ်ဟောင်ဆောင်ခရိုင်ထဲက အခြားဘေးကင်းရာ နေရာသို့ ရှောင်တိမ်းခဲ့ရပြီး ၎င်းတို့ကို ဒေသန္တရအာဏာပိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့က လိုအပ်သော အကူအညီများ ပေးနေရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်၏ အဆိုအရ သိရသည်။

https://news-eleven.com/article/207417

No comments:

Post a Comment