Monday, April 26, 2021

တရားမဝင်အသင်းအဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကြေညာခံရ

တရားမဝင်အသင်းအဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကြေညာခံရ

 DMG Apr 27, 2021 စစ်တွေ



DMG ၊ ဧၿပီ ၂၇


နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း(Assistance Association for Political Prisoners)-(AAPP) အား တရားမဝင်အသင်းအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြောင်းကို တပ်မတော်ပိုင် မြဝတီသတင်းတွင် ဧပြီလ ၂၅ ရက်နေ့တွင် ကြေငြာခဲ့သည်။


AAPP သည် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်း နည်းဥပဒေဆိုင်ရာများနှင့်ညီညွတ်ခြင်းမရှိ၍ မှတ်ပုံတင်ခွင့် မရသော အသင်းအဖွဲ့ဖြစ်သဖြင့် ဥပဒေအရ တရားဝင်ရပ်တည်ဆောင်ရွက်ခွင့်မရှိသည့် အသင်းတစ်ခု ဖြစ်ကြောင်း မြဝတီသတင်းက ကြေငြာသည်။


ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြဖြစ်စဉ်များတွင် အရပ်သားပြည်သူများထိခိုက်သေဆုံးမှု ကိန်းဂဏန်း များအား AAPP မှ နေ့စဉ်ဖော်ပြလျက်ရှိပြီး ထိုကိန်းဂဏန်းဖော်ပြချက်များမှာ အမှန်တကယ်ကိန်းဂဏန်း များထက် ပိုမိုဖောင်းပွနေသည်ဟုလည်း ယင်းပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။


မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများဖြိုခွင်းခံရမှုကြောင့် ရက်ပေါင်း ၈၀ ကျော်ကာလအတွင်း သေဆုံးသူ ရ၅၃ ဦးအထိ ရှိကြောင်း AAPP ၏ ဧပြီလ ၂၆ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


သို့သော် လုံခြုံရေးကောင်စီမှ ကြေညာထားရာတွင် ပစ်ခတ်မှုကြောင့်သေဆုံးသူ ၂၄၀ ဦးသာရှိကြောင်း ဖော်ပြ ထားသည်။


AAPP အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။


ယင်းသို့ တရားမဝင်အသင်းအဖြစ် ကြေငြာခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)အနေဖြင့် လက်ရှိအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။


နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကို နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသည့်အဖွဲ့ဖြစ်သည်။ 

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/aapp-govt.html

No comments:

Post a Comment