အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ နှစ်ဦး မနက်ဖြန် စွဲချက်အမိန့်ချမည်
Western News - မတ်လ ၃၁ ရက်
ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသည့် နှစ်ဦးကို မနက်ဖြန် ဧပြီလ ၁ ရက်နေ့တွင် ပလက်ဝမြို့နယ် မြို့နယ်တရားရုံးတွင် စွဲချက်အမိန့်ချမှတ်မည် ဖြစ်ကြောင်းသိရသည်။
အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ၅၂(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့၊ မြို့မရပ်ကွက်နေ မောင်စိုးကျော်လင်း အသက် ၁၇ နှစ်နှင့် သူ၏ယောက်ဖဖြစ်သူ ကိုထွန်းလင်းကျော် အသက် ၂၉ နှစ်တို့ ၂ ဦးတို့ကို ၁၉ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့သည်။
ဗိုလ်ကြီးသက်နိုင်ဦးက ပလက်ဝမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး တရားလိုသက်သေ ဗိုလ်ကြီးသက်နိုင်ဦးအပါအဝင်ဒေသခံ သက်သေများ ဖြစ်သည့် ဦးထိန်းအောင်၊ ဦးဇော်မင်းဦး၊ ဦးစံသိန်း၊ ဦးထွန်းလင်းဇော်တို့ကို စစ်ဆေးခဲ့ပြီး အမှုကိုစွဲချက်တင်သင့် မတင်သင့် အမိန့်ချမည်ဖြစ်သည်။
မတ်လ ၃၀ ရက်နေ့ ရုံးချိန်တွင် မောင်စိုးကျော်လင်းနှင့် သူ၏ယောက်ဖဖြစ်သူ ကိုထွန်းလင်းကျော်တို့ ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက်မှာ မနက်ဖြန် ဧပြီ ၁ ရက်တွင်စွဲချက်အမိန့်ချမည်ဖြစ်ကြောင်း တရားသူကြီးက ပြောဆိုခဲ့သည်ဟု မောင်စိုးကျော်လင်း၏ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးကပြောသည်။
"မနေ့ကရုံးချိန်းမှာ ကျွန်မသားနဲ့သားမက်ကိုတရားစွဲသင့်၊ မစွဲသင့်ကို တရားရုံးမှာလျောက်လဲချက်တင်တယ်။သူတို့နှစ်ယောက်ကို ဧပြီလ ၁ ရက်နေ့ကိုထပ်ပြီးတော့ရုံးချိန်းခေါ်လိုက်တယ်။ ဧပြီလ ၁ ရက်နေ့မှာက တရားသူကြီးကသူတို့နှစ်ယောက်ကိုတရားစွဲသင့်၊ မစွဲသင့်ဆုံးဖြတ်သွားမှာဖြစ်တယ်"ဟု ပြောသည်။
မောင်စိုးကျော်လင်းနှင့် ကိုထွန်းလင်းကျော်တို့ကို ဖမ်းဆီးသွားသည့်အချိန်မှစ၍ တရားရုံတွင်တရားရင်ဆိုင်နေရသည်အထိ မိသားစုများက ငွေကြေးမတက်နိုင်၍ ရှေ့နေ မငှားနိင်ခဲ့ကြောင်း မောင်စိုးကျော်လင်း၏ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးကပြောသည်။
“ကျွန်မသားနဲ့ သမက်ကတော့ တစ်စုံတစ်ရာအပြစ်မရှိတဲ့အတွက် လွတ်လာလိမ့်မယ်လို့ယုံကြည့်ထားတယ်။သူတို့နှစ်ယောက်AA နဲ့ပတ်သက်မှုလည်းမရှိပါဘူး။ သူတို့နှစ်ယောက်တရားရင်ဆိုင်နေရာတလည်းကြာပြီ။ ကျမတို့ ငွေကြေးမတက်နိုင်လို့ ရှေ့နေလည်း မဌားနိုင်ပါဘူး။ ဒီကြားထဲမှာကျမတို့မှာ အဆင်မပြေတဲ့အတွက်အရမ်းကိုစိတ်သောကရောက်ရပါတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့၌ မောင်စိုးလင်းကျော်နှင့် ကိုထွန်းလင်းဇော်တို့မှာ စိမ်းစင်းကျေးရွာသို့ တံတားဆောက်လုပ်ရန်သွားသည့်အချိန်တွင် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှ တပ်မတော်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- အသက်မပြည့်သေးသည့် မောင်စိုးကျော်လင်းအားတွေ့ရစဉ်
Western News- WN
https://www.facebook.com/westernnewsagency/posts/261432862329892
No comments:
Post a Comment