ငြိမ်းချမ်းစွာ သဘောဆန္ဒထုတ်ဖော်နေသူများအား ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့်သာ တွေ့ဆုံညှိနှိုင်း ဖြေရှင်းကြရန် တောင်းဆိုကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်
NEWS
PUBLISHED 1 MARCH 2021
ငြိမ်းချမ်းစွာ သဘောဆန္ဒထုတ်ဖော်နေ သူများအား ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် သာ တွေ့ဆုံညှိနှိုင်းဖြေရှင်းကြရန် တောင်း ဆိုကြောင်း စည်းလုံးညီညွတ်သောတိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများက မတ် ၁ ရက် တွင် ထုတ်ပြန်သည်။
လူမှုကွန်ရက်၌ မြင်တွေ့ရသော ရုပ်သံ မှတ်တမ်းများအရ အဓိကရုဏ်းဖြေရှင်းသည့် နည်းစနစ်များထက် ကျော်လွန်ပြီး ရန်သူကို တိုက်ခိုက်ချေမှုန်းသည့်အသွင်များကို ဝမ်း နည်းဖွယ် မြင်တွေ့ရသည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံသားအချင်းချင်းအပေါ် အလွန်အကျွံ အကြမ်းဖက်နှိမ်နှင်းနေခြင်း အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“အခုကိစ္စက ညှိနှိုင်းဖြေရှင်းရမဲ့ အဖြေ ရှာရမယ့်ဟာမျိုးလေ။ ပြည်သူတစ်ရပ်လုံးက ဘာလိုချင်တယ်ဆိုတဲ့ ဆန္ဒဖော်ထုတ်တာက လည်း အရင့်အရင်နေ့တွေက နှစ်ငါးလုံးနေ့ တွေဆိုလည်း သိသာတဲ့အနေအထားရှိတယ်ပေါ့နော်။ အဲဒါကို နိုင်ငံတော်ကို ကာကွယ်ဖို့ ပြည်သူတွေကို စောင့်ရှောက်ဖို့ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အဲလိုအကြမ်း ဖက်လုပ်ရပ် ရန်သူသဖွယ်တိုက်ခိုက်လာမှု တွေကို ရပ်ပေးစေလိုတဲ့ အမြင်မျိုးနဲ့ ဒီ Statement ကို ထုတ်ခြင်းဖြစ်ပါတယ်” ဟု UNA ပြောရေးဆိုခွင့်ရှိသူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြားသည်။
လူငယ် အများစုပါဝင်သည့် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော လူထုကို အာဏာပိုင်များက တိုက်ပွဲသုံးလက်နက်များအပါအဝင် အင်အားအလွန်သုံးစွဲပြီး နှိမ်နင်းနေသည့် သတင်းများ မြန်မာတွင်သာမ က ကမ္ဘာသို့ပါပျံ့နှံ့နေသည်ကို တွေ့မြင်ရ သည်ဟု တိုင်းရင်းသားပါတီအများအစုဖြင့် ဖွဲ့စည်းထားသည့် UNA နှင့် မိတ်ဖက်အ ဖွဲ့အစည်းများက ဆိုသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းရှိ ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ရာ သေဆုံးသူ အနည်းဆုံး ၁၈ ဦးရှိခဲ့ပြီး သေဆုံး ဒဏ်ရာရသူ ၃၀ ကျော်ရှိခဲ့ကြောင်း ကုလ သမဂ္ဂလူ့အခွင့်ဆိုင်ရာရုံးက ထုတ်ပြန်ထား သည်။
မိန်းကလေးများနှင့် လူငယ်များ ထိ ခိုက်မှုများပြားခဲ့ခြင်းမှာ လက်ခံနိုင်ဖွယ်မရှိ သော အကြမ်းဖက်နှိမ်နင်းမှုများဖြစ်ပြီး နိုင်ငံနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်း စိမ်ကို ကာကွယ်ရန် တာဝန်ရှိသော တပ်မ တော်နှင့် ရဲတပ်ဖွဲ့တို့အနေဖြင့် ပြည်သူများ ၏ လုံခြုံအေးချမ်းမှုကို တာဝန်ယူရန် ပျက် ကွက်ခဲ့သည်ဟု မှတ်ယူကြောင်း UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။
ပြည်သူများ လိုလားတောင့်တ တိုက်ပွဲ ဝင်တောင်းဆိုနေသည့် ဖက်ဒရယ်ဒီမိုကရေ စီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အင် အားစုများအားလုံး နည်းလမ်းရှာ ပူးပေါင်း ဆောင်ရွက်သွားရန် UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများက အကြံပြုသည်။
“ကျွန်တော်တို့ နိုင်ငံရဲ့ပြဿနာကလည်း လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းမှာ ငြိမ်းချမ်း မှု မရခဲ့ဘူး။ တိုင်းရင်းသားတွေ၊ ပြည်သူတွေ သူတို့ရဲ့ အခွင့်အရေးတွေ မရဘူး။ တစ်နည်း အားဖြင့် ပြောရင် အာဏာခွဲဝေမှုမှာ ပြဿ နာတွေ ရှိခဲ့တယ်။ ဒီဟာက ကျွန်တော်တို့ နိုင်ငံရဲ့ အခု ခေတ်နောက်ကျကျန်ခဲ့တဲ့ ပြည် တွင်းစစ်တွေ ဖြစ်နေတဲ့ဟာက သမိုင်းသက် သေဖြစ်တယ်။ အခုလည်း ဒီဟာတွေရဲ့ အ ကျိုးဆက်ပဲ” ဟု UNA ပြော ရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောကြား သည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဖျက်သိမ်းပစ်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီနစ်ဖြင့်သွားမှသာ နိုင်ငံ တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည် ထောင်စုတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း UNA ပြောရေးဆိုခွင့်ရှိသူ ဦးမျိုး ကျော်က ပြောကြား သည်။
UNA သည် နိုင်ငံရေးပါတီ ၁၃ ပါတီ ဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားမဟာ မိတ်အင်အားစုဖြစ်ပြီး နိုင်ငံရေးပါတီ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက် နက်ကိုင်များနှင့် မိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခု လည်းဖြစ်သည်။
https://news-eleven.com/article/205388
No comments:
Post a Comment