Wednesday, March 31, 2021

“ရင်ဆိုင်ရန်မှတပါး အခြားမရှိ” ဟု KNU တပ်မဟာ ၅ ပြော

“ရင်ဆိုင်ရန်မှတပါး အခြားမရှိ” ဟု KNU တပ်မဟာ ၅ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်။

တရားမဝင် အာဏာသိမ်းယူထားသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို ရင်ဆိုင် တိုက်ခိုက်သွား မည် ဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာမည့် စစ်ဘေးရှောင်များကို နိုင်ငံတကာ အသိုင်းအဝန်း မှ အကူအညီပေးရန် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က မေတ္တာရပ်ခံ တောင်းဆို လိုက်သည်။

ကရင်ပြည်သူများ၏ နယ်မြေများနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကာကွယ်ရန်အတွက် အာဏာသိမ်းစစ် ကောင်စီ တပ်များ၏ ရန်ကို ရင်ဆိုင်ရန်မှ တပါးအခြားမရှိဟု KNU တပ်မဟာ ၅ မူတြော်(ဖာပွန်( ခရိုင်၏ မတ်လ ၃၀ ရက်နေ့ (ယမန်နေ့) ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်အရ “ဤအခြေအနေကြောင့် ကျွန်ုပ်တို့ ပြည်သူလူထုတို့၏ အသက်အိုး အိမ်လုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်ရပါ သည်။ ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထု နှင့် ၎င်းတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည် အာဏာကို တရားမဝင်သိမ်းယူထားသော မြန်မာတပ်မတော်၏ ရန်ကို ရင်ဆိုင်ခြင်းမှတပါး ကျွန်ုပ်တို့၌ အခြားရွေးချယ်စရာ လမ်းမရှိတော့ပါ” ဟု ဆိုသည်။

ထို့အပြင် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ကြရမည့် စစ်ဘေးရှောင်များကို ထိုင်းအစိုးရနှင့် နိုင်ငံတကာမှ အကာအကွယ် ပေးရန်နှင့် လူသားချင်းစာနာသည့် အထောက်အပံ့ပေးရန် KNU တပ်မဟာ ၅ က မေတ္တာ ရပ်ခံတောင်းဆိုထားသည်။

၎င်းတို့က “တော်ဝင်ထိုင်းအစိုးရ အပါအဝင် နိုင်ငံတကာအဖွဲ့ အသိုင်းအဝန်းများ အနေဖြင့် မြန်မာတပ်မတော်၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ကိုယ်လွတ်ရုန်းထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထုများကို အကာ ကွယ်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့ပေးရန် အနူးအညွှတ် တောင်းဆိုပါသည်” ဟု KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က ပြောသည်။

တိုင်းပြည်အာဏာကို မတရားသိမ်းယူထားသော မြန်မာတပ်မတော်အား အသိအမှတ်မပြုရန်နှင့် ၎င်းတို့နှင့် လုပ် ဆောင်နေသည့် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးဆက်ဆံမှု အားလုံးကို ရပ်တန့်ရန် နိုင်ငံတကာ အသိုင်း အဝန်းအား KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က တောင်းဆိုထားသည်။

ထို့ပြင် KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်ထဲတွင် လူသားမျိုးနွယ်အားလုံးကို ဆန့်ကျင်သော ပြစ်မှုကို မြောက် စေသည့် ပြည်သူလူထုအပေါ် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာ အသိုင်း အဝိုင်းက ဖက်စစ်မြန်မာတပ်မတော်ကို ဖိအားပေးပါရန် တောင်းဆိုပါသည်ဟု ထည့်သွင်းထားသည်။

လက်ရှိတွင် KNU တပ်မဟာ ၅ နယ်မြေအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် KNU တပ်မဟာ ၅ တပ်ရင်းတပ်ဖွဲ့တို့အကြား မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေသည်။ KNU တပ်မဟာ ၅ နယ်မြေတွင်သာမက တပ်မဟာ ၅ နှင့် နယ်မြေချင်းထိစပ်နေသည့် KNU တပ်မဟာ ၃ နယ်မြေများတွင်ပါ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက လက်နက်ကြီး ပစ်ခတ်မှု များအပြင် လေယာဉ်များနှင့်ပါ လာရောက် ပစ်ခတ်တိုက်ခိုက်လာသည့်အတွက် ဒေသခံ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် အများအားဖြင့် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစား အသောက်များအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်းများက ဆို သည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များအနက် မယ်နူထရွာ၊ သီးကော်ထရွာ၊ အီးသူထရွာ၊ အူးဝေး ကလိုးရွာ စသည့် ကျေးရွာများမှာ သံလွင်မြစ်ကမ်းနှင့် နီးသည့် ကျေးရွာများ ဖြစ်သည့်အတွက် ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ် ဖက်အဖွဲ့အစည်းများ က ပြောသည်။

ထို့အပြင် တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ စသည့် သံလွင်မြစ်နှင့် မနီးသည့် ကျေးရွာများမှ ပြည်သူ များ သည်လည်း တိုက်ပွဲများကြောင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

အဆိုပါ စစ်ဘေးဒုက္ခသည်များကို ထိုင်းအစိုးရနှင့် နိုင်ငံတကာအသိုင်း အဝန်းမှ အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရန် KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က ထိုင်း အစိုးရနှင့် နိုင်ငံတကာ အဝိုင်းအဝန်းအား တောင်းဆိုထားသည်။

http://www.nmg-news.com/2021/03/31/13403

No comments:

Post a Comment