Monday, March 1, 2021

ကော့ကရိတ်ခရိုင်တွင်း KNU နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်

 ကရင်ပြည်နယ်တောင်ပိုင်း ကော့ကရိတ်ခရိုင်တွင်းမှာ ကေအန်ယူတပ်တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပြီး မြန်မာတပ်မတော်ဘက်က ထိခိုက်သေဆုံးမှု ရှိတယ်လို့ ကေအန်ယူက ပြောဆိုတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ကရင်ပြည်တောင်ပိုင်း ကော့ကရိတ်ခရိုင်ထဲမှာ မြန်မာတပ်မတော်နဲ့ ကရင်တပ်တွေ ထိတွေ့မှုဖြစ်စဉ်မှာ မြန်မာတပ်မတော်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိကြောင်း ကေအန်ယူ တွဲဘက်အတွင်းရေးမှူး (၂) ဖဒိုစောလှထွန်းကတော့ပြောပြပါတယ်။

"မနေ့ကတော့ ဒူးပလာယာခရိုင်တပ်မဟာ ၆ ဘက်မှာ ထိတွေ့မှုတော့ဖြစ်သွားတယ်လေ။ အဲဒီအဖြစ်တော့ရှိပါတယ်။ ပြောပြချက်အရ တပ်မတော်ဘက်က ထိခိုက်မှုနဲ့ သေဆုံးမှုတွေရှိပါတယ်။"

ကရင်ပြည်နယ်မှာလည်း စစ်အုပ်ချုပ်ရေးကောင်စီကို ဆန်ကျင့်ကန့်ကွက်မှုတွေက နေ့စဉ်ဖြစ်ပေါ်နေတာကြောင့် ကေအန်ယူ ထိန်းချုပ်ရာနယ်မြေမှာ ပစ်ခတ်သတ်ဖြတ်မှုတွေ မဖြစ်အောင် ကေအန်ယူက ဝန်းရံပေးနေတာတွေ ရှိတယ်လို့လည်း သူဆိုပါတယ်။

"လက်ရှိပြည်သူတွေဘက်ကတော့ ဆန္ဒထုတ်ဖော်မှုနဲ့ တောင်းဆိုမှုတွေ ရှိနေဆဲပဲ။ အဲဒီအပေါ်မှာ ရဲနဲ့ စစ်တပ်က ဖြေရှင်းမှုတွေကတော့ ထိတွေ့တာတွေ ရှိလာတယ်။ ကျနော်တို့ ကရင်ထိန်းချုပ်မှုနေရာတွေမှာ လူထုကို လိုအပ်တဲ့ ဝန်းရံမှုတွေ ရှိတာပေါ့နော်။"ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ တပ်မဟာ ၆ နယ်မြေတွေမှာလည်း တိုက်ပွဲဖြစ်ရတာဟာ နယ်မြေကျော်လာတာကြောင့် ဖြစ်ရတယ်လို့လည်း ဖဒိုစောလှထွန်းကပြောပြပါ။

"ဒီအချိန် ဒီကာလမှာတော့ တပ်မတော်ဘက်ကလည်း အာဏာသိမ်းထားတယ်၊ လူထုတွေကလည်း ဆန္ဒပြတာတွေ ဖြစ်တယ်။ ကျနော်တို့အောက်ခြေမှာလည်း သွားလာတာကအစ ခွင့်ပြုချက်တွေ သို့မဟုတ် အသိပေးမှုတွေ လိုတယ်။ နှစ်ဘက်ကလည်း လက်ခံမှ သာ လိုအပ်တာပေါ့နော်။ အသိပေးမှုတွေလိုတယ်။ နယ်မြေမှာတော့ ထိတွေ့မှုတွေဖြစ်တာတွေရှိတယ်။"

မနေ့တုန်းကတော့ ကရင်ပြည်နယ်မြဝတီမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်လို့ ပြန်လွှတ်ပေးဖို့ ကရင်လက်နက်ကိုင်တွေနဲ့ ရဲတွေကြား အခြေအတင် ပြဿနာ တက်ခဲ့တာတွေလည်း ရှိပါတယ်။ ကေအန်ယူကတော့ ဆန္ဒပြသူတွေက သူတို့ နယ်မြေအတွင်း ဝန်းရံဖြေရှင်းမှုတွေသာ လုပ်ခဲ့တယ်လို့သာပြောခဲ့ကြပါတယ်။

https://burmese.voanews.com/a/myanmar-military-and-knu-conflicts/5796776.html

No comments:

Post a Comment