Monday, March 1, 2021

 

မြိတ်မြို့တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့က နေအိမ်များအား ဝင်ရောက်ဖျက်ဆီးပြီး လူအချို့ကို ဖမ်းဆီး

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပေါင်းပြီး မြိတ်မြို့ အောင်မင်္ဂလာ ရပ်ကွက်နဲ့ အင်းလေးမြိုင်ရပ်ကွက်တွေထဲက နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးကာ နေအိမ်ထဲမှာ ရှိတဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ပြုလုပ်ခဲ့ပါတယ်။

မတ် ၁ ရက်နေ့ မနက်ပိုင်းက စစ်တပ်ကားနဲ့ ရဲကားတွေ ရပ်ကွက်အတွင်း ဝင်လာတဲ့အချိန်မှာ ပြည်သူတွေက လုံခြုံရေးအရ လမ်းတွေကို ပိတ်ဆို့ခဲ့ကြပါတယ်။

အဲဒီလို လုပ်ဆောင်ခဲ့တဲ့အတွက် ရဲနဲ့ စစ်တပ်ကားတွေ ရပ်ကွက်အတွင်း ပိတ်မိခဲ့တာကြောင့် အခုလို နေအိမ်တွေထဲကို ဝင်ရောက်ပြီး ရပ်ကွက်အတွင်းရှိသူတွေကို အကြမ်းဖက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက နေအိမ်တွေထဲ ဝင်ရောက်ဖျက်ဆီးတာ၊ ဆိုင်ကယ်တွေကို ရိုက်နှက်ဖျက်ဆီးခဲ့တာ၊ နေအိမ်ထဲမှာရှိတဲ့ အိမ်သားတွေကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် အောင်မင်္ဂလာရပ်ကွက်အတွင်းက နေအိမ်တစ်ခုကို အကြမ်းဖက် တိုက်ခိုက်ပြီးတဲ့နောက် ငွေသား ၄ သိန်းကျော် ထည့်ထားတဲ့ ပိုက်ဆံအိတ်ပါ ယူဆောင်သွားတယ်လို့ အိမ်ရှင်ဖြစ်သူက ပြောပါတယ်။

ဒီကနေ့ဖြစ်စဥ်မှာ ခဲသီးကျည်ဆန်ထိမှန်လို့ ဒဏ်ရာရရှိသူ ၂ ယောက်ရှိပြီး ရိုက်နှက်ခံရသူ အများအပြားရှိကာ အဆိုပါ လူတွေကို လူနာတင်ကားတွေနဲ့ဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။

ဒီကနေ့ ဖမ်းဆီးခံရသူတွေထဲမှာ နေအိမ်ထဲ နေမကောင်းလို့ အိပ်နေသူ တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး ဖမ်းဆီးခဲ့ရပါတယ်။

ဒါ့အပြင် စျေးဆိုင်တွေကိုလည်းဝင်ရောက်ပြီး ဆိုင်ထဲစျေးရောင်းကုန် ပစ္စည်းတွေကို ဖျက်ဆီးမှုတွေ ပြုလုပ်သွားပါတယ်။

မွန်းတည့် ၁၂ နာရီကျော်မှာတော့ စစ်ကားနဲ့ ရဲကားတွေက ရပ်ကွက်အတွင်းကနေ သေနတ်ပစ်ဖောက်ပြီး ပြန်လည်ထွက်ခွာသွားကြသလို ရပ်ကွက်နေ ပြည်သူတွေကလည်း ရပ်ကွက်လုံခြုံရေးအရ လမ်းတွေကို ပြန်လည်ပိတ်ဆို့ထားကြပြီ ဖြစ်ပါတယ်။

http://burmese.dvb.no/archives/447882

No comments:

Post a Comment