Monday, March 1, 2021

 

ဘားအံတွင် ဆန္ဒပြသူ ၁၀၀ ခန့် ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မနေ့က တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်ဆန္ဒပြစစ်ကြောင်းကို ရဲတပ်ဖွဲ့က အင်အားသုံးပြီး မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်းပစ်ခတ် ဖမ်းဆီးခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၀၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့  မတ် ၁ ရက် မနက်ပိုင်းက CDM မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်ဆန္ဒပြစစ်ကြောင်းကို အမှတ် ၅ ရပ်ကွက်၊ ဉယျာဉ် ၃ လမ်း၊   မြို့မရဲစခန်းရှေ့နဲ့ အမှတ် ၄ ရပ်ကွက်၊ ကမ်းနားလမ်း(ညဈေးအနီး) နေရာတွေမှာ  ရဲတပ်ဖွဲ့က အင်းအားသုံးပြီး မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် လူအနည်းဆုံး ၁၀၀ ခန့် ဖမ်းဆီးခံခဲ့ရတာပါ။

CDM မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ဆန္ဒပြသပိတ်စစ်ကြောင်းကို အင်အားသုံးပြီး ဖြိုခွင်းတာက အကြမ်းဖက်လုပ်ရပ်ပဲ။ ကျမတို့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတာ။ နေရာ ၃ နေရာဆိုတော့ အနည်းဆုံး ၁၀၀ လောက်ရှိမယ် ထင်တယ်။ တိတိကျကျစာရင်းတော့ မသိရသေးဘူး”လို့ ဆိုပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ပထမဆုံးအကြိမ် မျက်ရည်ယိုဗုံး ပစ်ခတ် ဖမ်းဆီးခဲ့တဲ့အတွက် ​တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ၊ ပအိုးဝ် တိုင်းရင်းသားလူငယ်တွေနဲ့ မြို့ခံပြည်သူတချို့ ဖမ်းဆီးခံရသလို ပြေးလာရင် ပွန်းပဲ့ထိခိုက်ဒဏ်ရာ ရရှိသူ အနည်းငယ် ရှိပါတယ်။

ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူတွေကို ပြန်လည်လွတ်‌မြောက်ရေးအတွက် အခမဲ့ရှေ့နေကွန်ရက်က အမှုလိုက်ပါ ဆောင်ရွက်ပေးနေတာတွေရှိသလို့ အခကြေးငွေရယူပြီး လူတစ်ဦးကို ၂ သိန်းနဲ့ ရှေ့နေလိုက်ပါ ဆောင်ရွက်နေသူတွေရှိတဲ့အတွက် ငွေကြေးရယူတဲ့ရှေ့နေတွေကို မြို့ခံပြည်သူတွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

ဆန္ဒပြ သပိတ်စစ်ကြောင်းကို  လူစုလူဝေးမဖြစ်အောင် ရဲတပ်ဖွဲ့နဲ့ တပ်မတော်က အင်အားတိုး လုံခြုံရေးရယူပြီး လိုက်လံသတိပေးတာတွေ အင်အားသုံးပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေရှိပေမဲ့ ဆန္ဒပြစစ်ကြောင်းက ရပ်နားတာမရှိဘဲ အင်အားသိန်းနဲ့ချီပြီး ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

http://burmese.dvb.no/archives/447928

No comments:

Post a Comment