မန္တလေးမြို့တွင် ဆိုင်ကယ်စီးသူတစ်ဦး ဦးခေါင်းကျည်ဆန် ထိမှန်၍ အမျိုးသားတစ်ဦး သေဆုံး
NEWS
PUBLISHED 28 FEBRUARY 2021
မန္တလေးမြို့ လမ်း ၄၀ A လမ်း ၊ ၆၄ လမ်းနှင့် ၆၅ လမ်းကြားတွင် ဆိုင်ကယ်နှင့် သွားလာနေသူတစ်ဦး ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) မွန်းလွဲပိုင်းက ဦးခေါင်းကျည်ဆန် ထိမှန်ခဲ့ပြီး နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် လုံခြုံရေးယာဉ်တန်းများသည် သိပ္ပံလမ်း မြို့တော်ဆေးရုံရှေ့တွင် ပစ်ခတ်ဖြိုခွဲမှုများ ပြုလုပ်ပြီးနောက် ၆၆ လမ်းအတိုင်း မောင်းနှင်လာပြီး လမ်းတစ်လျှောက်တွင်လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
''တပ်က ကားတွေသွားတဲ့လမ်းကြောင်းနဲ့ ခုပစ်ခံရတဲ့နေရာက အတော်ဝေးပါတယ်။ တစ်ပြလောက် ဝေးတာကို ခေါင်းကို တည့်တည့်မှန်သွားတာ။ အဲ့ဒီမှန်တဲ့သူက ဆိုင်ကယ်နဲ့ စစ်ကားတွေ လာတဲ့ဘက်ကနေ မောင်းလာတာ ''ဟု အဆိုပါဖြစ်စဉ်ကို မြင်တွေ့ရသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ကျည်ဆံထိမှန်သူမှာ ဆိုင်ကယ်ဦးထုပ် ဆောင်းထားသော်လည်း ကျည်ဆံမှာ ဆိုင်ကယ်ဦးထုပ်ကို ဖောက်ဝင်ကာ ထိမှန်ခဲ့ခြင်း ဖြစ်သည်။
21211232.jpg
ယင်းသို့ ဦးခေါင်းထိမှန်သည့် ဖြစ်စဉ်အပြင် အဆိုပါနေရာအနီး၌ ရင်ဘတ် ကျည်ထိမှန်သူ တစ်ဦးလည်း ရှိကြောင်း သိရှိရသည်။
မန္တလေးမြို့ နေရာအတော်များများတွင် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသူများကို ဗြမစိုရ်လူမှုကူညီရေးအသင်းသို့ ခေါ်ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် ဆန္ဒပြသူများကို ယနေ့တွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်က သေနတ်ပစ်ခတ် ဖြိုခွဲမှုများကြောင့် အခြားဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။
ဆန္ဒပြသူများ စုဝေးရာနေရာများ၊ ထိုင်သပိတ်ရှိရာနေရာများသည့် မနော်ရမ္မံဟစ်တိုင်ရှိရာ ၆၂ လမ်းတစ်လျှောက်၊ ကျမ်းမာရေးဝန်ထမ်းအများစု ထွက်လေ့ရှိသည့် ၆၂ လမ်း အရိုးဆေးရုံ၊ သွားဆေးတက္ကသိုလ်၊ ကုတင် ၃၀၀ ဆေးကုစသည့် နေရာများ၊ မနော်ဟရီလမ်းနှင့် ၆၂ လမ်း အနီးတဝိုက် စသည့်နေရာတို့တွင် ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစ၍ လုံခြုံရေးအင်အား အများအပြားရယူထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မွန်းတည့် ၁၂ နာရီခန့်မှ စတင်ပစ်ခတ်ဖြိုခွဲမှုများ နေရာအနှံ့ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်ထိ ပရဟိတဆရာဝန်များ ဆေးကုသပေးရာဌာနသို့ ရောက်ရှိလာသူ လူနာ ရှစ်ဦးထိ ရှိပြီဖြစ်ကာ ခြောက်ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိထားသည်။
https://news-eleven.com/article/205325
No comments:
Post a Comment