မကွေးနှင့် ပခုက္ကူတို့တွင် ကြက်ခြေနီနှင့် ပရဟိတသမားများကိုပါ ရဲတပ်ဖွဲ့ ဖမ်းဆီး
ယခုလ ၂၆ ရက်နေ့က မကွေးမြို့ပေါ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူထု / ဇော်မင်းထိုက် / မကွေး
10.2k
By ဧရာဝတီ 27 February 2021
Want create site? Find Free WordPress Themes and plugins.
မကွေးတိုင်းဒေသကြီး မကွေးမြို့နှင့် ပခုက္ကူမြို့တို့တွင် လူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတ သမားပါ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံထားရကြောင်း သတင်းရရှိသည်။
ယနေ့ အဆိုပါ မြို့တို့တွင် ရဲတပ်ဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို အကြမ်းဖက် ဖြိုခွင်းသဖြင့် ၁၀ ဦး ဖမ်းဆီးခံထားရပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနေသည်။
ဒဏ်ရာရရှိသည့် အမျိုးသမီးမှာ အကြမ်းဖက် ဖြိုခွင်းခံနေရသည့် ဆန္ဒပြလူအုပ်အနီး ၎င်း၏အိမ်ရှေ့တွင် ရှိနေစဉ် ရာဘာ ကျည်ဆန်ဖြင့် ပစ်ခတ်ခံရပြီး လက်နှင့်ခါးတဝိုက်တွင် ဒဏ်ရာများ ရရှိသွားခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ ၁၀ ဦးမှာ ပခုက္ကူမြို့မှ ၇ ဦး၊ မကွေးမြို့မှ ၃ ဦးတို့ ဖြစ်ပြီး ရဲစခန်းအချုပ်များတွင် ချုပ်နှောင်ခံထားရဆဲ ဖြစ် သည်။
ပခုက္ကူ ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်တဦးဖြစ်သည့် ကိုပြည့်ဖြိုးကျော်က “ရဲစခန်းကို ကျနော်တို့ စုံစမ်းထားတာက ဖမ်းခံထားရတဲ့သူက ၇ ဦး ရှိပါတယ်။ ကြက်ခြေနီ၂ ဦး၊ ပရဟိတသမား ၃ ဦး၊ အရပ်သား ၂ ဦးရယ်ပါ။ ဒဏ်ရာရရှိတဲ့သူက တော့ အရပ်သူ အမျိုးသမီးတဦးပါ” ဟု ပြောသည်။
ယခုလ ၂၆ ရက်နေ့က မကွေးမြို့ပေါ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူထု (ဓာတ်ပုံ – ဇော်မင်းထိုက်၊ မကွေး)
ဖမ်းဆီးခံရသည့် ၇ ဦးအနက် ကြက်ခြေနီအသင်းမှ ၂ ဦး၊ ပရဟိတလုပ်ကိုင်နေသူ ၃ ဦးတို့မှာ ဆန္ဒပြလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ကူညီနေရာမှ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ကိုပြည့်ဖြိုးကျော်က ပြောသည်။
ယနေ့ မနက်ပိုင်းက ပခုက္ကူမြို့တွင်း ဆန္ဒပြနေသည့် ရာနှင့်ချီသည့် လူထုကို ရဲတပ်ဖွဲ့က အသံမြည်ဗုံး၊ မီးခိုးဗုံးများ ခွဲခြင်း၊ ရာဘာကျည်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ကာ လူစုခွဲခဲ့ပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။
ကိုပြည့်ဖြိုးကျော်က “မနက်က သူတို့က လူစုတဲ့နေရာထိ ရောက်အောင်လာပြီး သပိတ်စစ်ကြောင်းကို ပေးမထွက်ဘဲ ပိတ် တားပြီး ကျောင်းသားတွေကို ဒိုင်းကာနဲ့ကာ၊ နံပါတ်တုတ်တွေနဲ့ ဝင်ရိုက်တယ်။ ကျနော်တို့က နောက်တနေရာ ပြောင်းပြီး ပြန်စု၊ ပြန်တက်တယ်၊ သူတို့ဘက်က စစ်တပ်အင်အား အလုံးအရင်းနဲ့ လုံးဝလည်း စည်းမတားတော့ဘဲ ပစ်ဖောက် ဖြိုခွင်း တော့တာပါ” ဟု ပြောသည်။
မကွေးမြို့တွင်လည်း ယနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့က ဆန္ဒပြလူထုကို လူစုခွဲရန်၊ ပုဒ်မ ၁၄၄ ထုတ်ထားသဖြင့် လူစုလူဝေး မပြုလုပ်ရန် ပြောဆိုခဲ့ပြီး ဆန္ဒပြလူအုပ်ကို လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စတင် ဖမ်းဆီးစဉ်က သတင်းထောက် ၁ ဦး၊ ရောင်စုံမေတ္တာ ပရဟိတအသင်းမှ ဥက္ကဋ္ဌ အပါအဝင် ၃ ဦး၊ အရပ်သား ၆ ဦးတို့ကို ဖမ်းဆီးခဲ့သည်။
နေ့လယ်ပိုင်းတွင် သတင်းထောက်၊ ရောင်စုံမေတ္တာပရိဟတအသင်းမှ ၃ ဦးနှင့် အရပ်သား ၃ ဦးကို ပြန်လွှတ်ပေးခဲ့သော် လည်း ၃ ဦးကို ဆက်လက် ဖမ်းဆီးထားသည်။
ရောင်စုံမေတ္တာ ပရဟိတအသင်း၊ ဥက္ကဋ္ဌ ဦးအောင်မျိုးနိုင်က “ကျနော်တို့ကို စဖမ်းတည်းက ကျနော်တို့က ကျန်းမာရေး စောင့်ရှောက်မှု ဘေးက လိုက်ပေးတာပါ။သူတို့ အမြင်က ကျနော်တို့က ကျန်းမာရေး စောင့်ရှောက်မှု လိုက်တာ မဟုတ်ဘဲ ပြည်သူတွေကို ကာပေးနေတာပေါ့။ အဲဒါမျိုး ထင်ပြီး ဖမ်းတာပါ။ကျနော်တို့ လွတ်လာတော့ ကျန်ခဲ့တဲ့သူက ၃ယောက်ပါ။ သူတို့ ၃ယောက် ကိုတော့ အမှုဖွင့်မယ်လို့ ပြောပါတယ်” ဟု ဆိုသည်။
ယခုလ ၂၆ ရက်နေ့က မကွေးမြို့ပေါ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူထု (ဓာတ်ပုံ – ဇော်မင်းထိုက်၊ မကွေး)
ဆက်လက် ဖမ်းဆီးခံထားရသူ ၃ ဦးမှာ မကွေးတက္ကသိုလ်မှ တတိယနှစ် ကျောင်းသား ကိုမင်းချစ်သူ၊ ကိုမင်းချစ်သူ၏ မိခင် နှင့် အဒေါ်တို့ ဖြစ်သည်။
မကွေးမြို့နယ်ရှေ့နေများအသင်းက ရဲစခန်းတွင် လိုက်လံ မေးမြန်းရာ ကိုမင်းချစ်သူ၊ ကိုမင်းချစ်သူ၏ မိခင်နှင့် အဒေါ်တို့ ၃ ဦးလုံးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့် အရေးယူမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသဖြင့် ရှေ့နေ များက တရားစွဲဆိုခံရသူများ၏ အမှုတွင် ရှေ့နေလိုက်ခွင့်ရရန် ဆောင်ရွက်လျက် ရှိသည်။
ရှေ့နေတဦးက “လောလောဆယ်ကတော့ ရဲတပ်ရင်းမှာ ထိန်းသိမ်းထားတယ်။ စခန်း ပြောင်းသွားတာကို တွေ့ခဲ့ရပါတယ်။ သူတို့ကို ရဲတပ်ရင်း လုံခြုံတဲ့နေရာကို ခေါ်သွားတယ်လို့ ပြောတယ်။ ကျမတို့ကတော့ မကွေးမှာရှိတဲ့ ကျမတို့ အပါအဝင် ရှေ့နေကြီးတွေရော အကုန်လုံး လိုက်ကူညီမှာပါ။ တနင်္လာနေ့ ရုံးထုတ်ရင်တော့ ပါဝါ ယူရပါမယ်။ ဥပဒေနဲ့အညီ ဆက် လက်ပြီး ဆောင်ရွက်ဖို့ အကုန်လုံး စီစဉ်ထားကြပါတယ်” ဟု ဆိုသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ)သည် အများပြည်သူအကျိုး ပျက်စီးစေမှုဆိုင်ရာ ပုဒ်မဖြစ်ပြီး နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုဖြစ်စေ၊ သီးခြားလူစုကို ဖြစ်စေ ဆောင်ရွက်သည်ဟု ယူဆလျှင် တရားစွဲဆိုနိုင်သည့် ပုဒ်မ ဖြစ်သည်။
တရားရုံးမှ အပြစ်ထင်ရှားကြောင်း ဆုံးဖြတ်ပါက ထောင်ဒဏ်၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်၂ ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေထဲတွင် ပြဋ္ဌာန်းထားသည်။
https://burma.irrawaddy.com/news/2021/02/27/238684.html
No comments:
Post a Comment