တပ်မတော်က သိမ်းယူထားသောအာဏာကို ချက်ချင်းစွန့်လွှတ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကြေညာချက်ထုတ်
တပ်မတော်က သိမ်းယူထားသောအာဏာကို ချက်ချင်းစွန့်လွှတ်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသော တက်ကြွလှုပ်ရှားသူများနှင့် တာဝန်ရှိပုဂ္ဂိုလ်များအား လွှတ်ပေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကကြေညာချက်ထုတ်ပြန်လိုက်သည်။
ထို့အပြင် ဆက်သွယ်ရေးကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းပေးရန်နှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ခြင်းမှရှောင်ကြဉ်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်အပေါ် တစ်သံတည်းဖြင့် ညီညွှတ်စွာအတူတကွ ပူးပေါင်းဖိအားပေးသင့်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံအတွင်း တပ်မတော်၏ အာဏာသိမ်းယူမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်သားတာဝန်ရှိပုဂ္ဂိုလ်များအား ဖမ်းဆီးထိန်းသိမ်းမှုနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာမှုတို့သည် နိုင်ငံတော်၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ဥပဒေစိုးမိုးမှုကို တိုက်ရိုက်ကျူးလွန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အဆိုပါကြေညာချက်မှတစ်ဆင့် ဖော်ပြထားသည်။
ဒီမိုကရေစီစနစ်တစ်ရပ်တွင် အင်အားကိုအသုံးပြု၍ နိုင်ငံသားတို့၏ဆန္ဒကိုပယ်ဖျက်ရန် သို့မဟုတ် အများယုံကြည်လက်ခံသောရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် မလုပ်ဆောင်သင့်ကြောင်းလည်း ဖော်ပြထားသည်။
ယခုကဲ့သို့အခက်အခဲဖြစ်ပေါ်နေသည့်ကာလအတွင်း မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ပေးကြသူများအား အမေရိကန်ပြည်ထောင်စုက မှတ်တမ်းတင်ထားကြောင်း၊ ဒီမိုကရေစီပြန်လည်အသက်သွင်းရေးနှင့်ဥပဒေပြန်လည်စိုးမိုးရေးအပြင် မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးနောက်ကြောင်းပြန်လှည့်စေမှုအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မိမိတို့အနေဖြင့် ဒေသတွင်းနှင့်ကမ္ဘာတစ်လွှားမှ မိတ်ဖက်နိုင်ငံများအတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့သော ပိတ်ဆို့အရေးယူမှုဥပဒေများနှင့် လုပ်ပိုင်ခွင့်များကို အမြန်ဆုံးချက်ချင်းပြန်လည်သုံးသပ်ရန်လိုအပ်လာမည်ဖြစ်ကာ သင့်တော်သောအရေးယူမှုများကိုလည်း လုပ်ဆောင်ရမည်ဟု ကြေညာချက်ထုတ်ထားသည်။
http://sdtimedaily.com/2021/02/02/zm01-399/

No comments:
Post a Comment