တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရ၍ NLD နှင့် မွန်ညီညွတ်ရေးပါတီ ဆွေးနွေးပွဲပျက်
ပြီးခဲ့သည့်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် မွန်ညီညွတ်ရေးပါတီတို့ ယနေ့(ဇန်နဝါရီ ၄ ရက်) တွင် တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်သည် တွေ့ဆုံမည့်နေရာ ညှိနှိုင်း၍မရသောကြောင့် ပျက်ပြယ်ခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ၏ တွဲဘက်အထွေထွေ အတွင်းရေးမှူး နိုင်စံတင်ထံမှ သိရသည်။
“ကျွန်တော်တို့က တွေ့ဆုံဖို့ကိုယ်စားလှယ်လည်း ရွေးပြီးသားပါ။ ဆွေးနွေးမယ့် အချက်တွေလည်း ပါတီကချမှတ်ထားပြီးသား။ ဒါပေမယ့် တစ်ခုပဲ။ တွေ့ဆုံဆွေးနွေးမဲ့နေရာပေါ့။ သူတို့ကပြည်နယ်ပါတီရုံးမှာတွေ့မယ်လို့ ဖိတ်ခေါ်တယ်။ ကျွန်တော်တို့ပြန်အကြောင်းကြားလိုက်တာက ကြားနေရာ ဟိုတယ်တစ်ခုပေါ့။ ကျွန်တော်တို့ပါတီရုံးကိုလည်း မဖိတ်ပါဘူး။ သူတို့ပါတီရုံးမှာ ဖိတ်မယ်ဆိုရင် ကျွန်တော်တို့ပါတီက မသွားဖြစ်ဘူးလို့ပြောထားတယ်။ ကြားနေရာတစ်ခုမှာ တွေ့ဆုံမယ်လို့ အကြောင်းကြားထားပြီးသားပါ။ အရင်က USDP တို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့လာတွေ့တော့လည်း ဟိုတယ်တစ်ခုမှာတွေ့တယ်။ ကျွန်တော်တို့ အကြံပြုလိုက်သေးတယ်။ ဘာကြောင့်လဲလို့မေးတော့ လုံခြုံရေးအရတဲ့။ လုံခြုံရေးအရဆိုရင် ဝန်ကြီးများအိမ်ရာထဲက ဧည့်ရိပ်သာခန်းမမှာတွေ့ရင်ဖြစ်တယ်လို့ အကြံပြုတော့လည်း လက်မခံဘူး။ ပျက်ပြယ်သွားတာ ဒီပြဿနာပါပဲ” ဟု မွန်ညီညွတ်ရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး နိုင်စံတင်က စံတော်ချိန်သို့ ပြောသည်။
ဆွေးနွေးမှုပျက်ပြယ်ခဲ့ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် NLD ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်မိုးညိုက “ညွှန်ကြားချက်အရကိုက ပြည်နယ်မှာကျွန်တော်တို့ လုပ်ခဲ့ရတာလည်း ဘယ်လောက်တောင်ကြိုးစားခဲ့ရတုန်းဆိုတာ သိတဲ့အတိုင်းပဲလေ။ ဒီအဆင့်ကိုရောက်အောင် မနည်းကြိုးစားလာရတယ်ဆိုတော့ ကိုယ့်ပြည်နယ် ကိုယ့်ပါတီဝင်တွေ ကိုယ့်ရဲ့ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်တွေကို ကျွန်တော်တို့ကတော့ ပါတီကြီးတစ်ခုအနေနဲ့ကတော့ စည်းနဲ့ကမ်းနဲ့ညွှန်ကြားချက်အတိုင်းပဲ ဆောင်ရွက်တာ။ ကျွန်တော်တသီးပုဂ္ဂလမဟုတ်ဘူးလေ။ အဲဒီတော့ လူကြီးတွေဆုံးဖြတ်တဲ့အတိုင်း အဖွဲ့ကဆုံးဖြတ်တဲ့အတိုင်းပဲရပ်တည်ခဲ့ရတာ”ဟု ဖြေကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရတည်ဆောက်မည့် ပါတီကြီးအနေဖြင့် တွေ့ဆုံဆွေးနွေးသည့်နေရာအရေးပင် အလျော့အတင်းမလုပ်နိုင်သည်မှာ စဉ်းစားစရာဖြစ်ကြောင်း၊ သို့ရာတွင် နောက်ထပ်တစ်ကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်လာပါက တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိနေပြီး အဓိကအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရာတွင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးရန်ရှိကြောင်း နိုင်စံတင်က ဆက်လက်ပြောကြားခဲ့သည်။
“အမျိုးသားညီညွတ်ရေးစတည်ဆောက်မယ်။ တည်ဆောက်ဖို့မပြောနဲ့ဦး၊ တွေ့ဆုံတဲ့ကိစ္စတွေကို အလျော့အတင်းမလုပ်နိုင်တဲ့ ပါတီကြီးတစ်ခုက အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် တည်ဆောက်မယ်ဆိုတော့ စဉ်းစားစရာပဲပေါ့ဗျ။ ကျွန်တော်တို့ကတော့ အဆင်သင့်ပါပဲ။ သူတို့ဖိတ်လာရင် သူတို့ပြောထားတာလဲရှိတယ်ပေါ့။ ဒီတစ်ကြိမ်မတွေ့ဖြစ်ရင် နောက်တစ်ကြိမ်တွေ့ဖြစ်အောင်တော့ သူတို့ဆက်လက်ဆောင်ရွက်သွားပါမယ်လို့ အဲလိုတော့ပြောထားတာပေါ့။ အဓိက အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတဲ့ပုံစံပေါ့၊ ပြည်ထောင်စုအစိုးရမှာ ဘယ်လိုဖြစ်စေချင်သလဲ။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရမှာ ဘယ်လိုဖြစ်စေချင်သလဲပေါ့။ အဓိကက ပြည်နယ်နဲ့ပြည်ထောင်စုအစိုးရ ဖွဲ့စည်းမယ်ဆိုရင် တိုင်းရင်းသားပါတီတွေကို ဘယ်လိုဖိတ်ခေါ်သင့်သလဲ၊ ဘယ်လိုနေရာပေးသင့်သလဲ အဲဒါတွေကို ဆွေးနွေးတင်ပြဖို့ ရှိပါတယ်” ဟု နိုင်စံတင်က ပြောကြားခဲ့သည်။
NLD ပါတီကိုယ်စားလှယ်အဖွဲ့ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများဖြစ်သော လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)တို့မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဇန်နဝါရီ ၁ရက်နေ့က မြစ်ကြီးနားမြို့၊ NLD ပါတီပြည်နယ်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
http://sdtimedaily.com/2021/01/04/shp30-135/

No comments:
Post a Comment