Sunday, January 3, 2021

အေအေဖမ်းဆီးထားရာမှ ပြန်လွတ်လာသော ကိုယ်စားလှယ်နှစ်ဦးကို သံတွဲလေဆိပ်တွင် အင်န်အယ်လ်ဒီပါတီဝင်များက ကြိုဆို ဂုဏ်ပြု

 

အေအေဖမ်းဆီးထားရာမှ ပြန်လွတ်လာသော ကိုယ်စားလှယ်နှစ်ဦးကို သံတွဲလေဆိပ်တွင် အင်န်အယ်လ်ဒီပါတီဝင်များက ကြိုဆို ဂုဏ်ပြု

အေအေဖမ်းဆီးထားရာမှ ပြန်လွတ်လာသော ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့သည် ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက သံတွဲလေဆိပ်သို့ ရောက်ရှိခဲ့ရာ အင်န်အယ်လ်ဒီပါတီဝင်များက ကြိုဆို ဂုဏ်ပြုခဲ့ကြောင်း တောင်ကုတ်အင်န်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်က စံတော်ချိန်သို့ ပြောဆိုသည်။

“ကျန်းမာရေးကောင်းကြပါတယ်။ သံတွဲ အင်န်အယ်လ်ဒီရော တောင်ကုတ်အင်န်အယ်လ်ဒီပါ ကြိုဆိုကြပါတယ်။ အခု တောင်ကုတ်မြို့နယ်ထဲ ဝင်နေပါပြီ”ဟု ဦးတင်သိန်းအောင်က ပြောဆိုသည်။

ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့သည် စစ်တွေလေဆိပ်မှ မွန်းလွဲ ၂ နာရီတွင် ထွက်ခွာလာခဲ့ကာ သံတွဲလေဆိပ်သို့ မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိပြီး တောင်ကုတ်မြို့သို့ ကားများဖြင့် ခေါ်ဆောင်လာခဲ့ကြောင်း ဦးတင်သိန်းအောင်က ပြောဆိုသည်။

အေအေလက်မှ ပြန်လည်လွတ်မြောက်လာခဲ့သည့် လွှတ်တော်အမတ် ဒေါ်နီနီမေမြင့်၏ ရန်ကုန်ပြန်ခရီးစဉ်ကို အင်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဒေါ်မိုးမိုးစုကြည်နှင့် အင်န်အယ်လ်ဒီအဖွဲ့ချုပ် မိသားစုဝင်များက ဇန်နဝါရီ ၂ ရက်တွင် ရန်ကုန် လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက်တွင် AA အဖွဲ့၏ ဖမ်းဆီးထိန်း သိမ်းခြင်းခံထားရသော တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့နှင့် တိုက်ပွဲများဖြစ်ပွားစဉ်ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် တပ်မတော်သားသုံးဦးတို့ကို တပ်မတော်နှင့် AA အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးမှုရလဒ်များအရ AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်စစ်ကြောင်းအသီးသီးထံသို့ ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းတွင် လာရောက် လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားများအား ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တပ်မတော် ရဟတ်ယာဉ်များဖြင့် ဘေးကင်းလုံခြုံစွာ ဆက်လက် ခေါ်ဆောင်ပေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက် ညနေပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများထံသို့ နယ်မြေခံ တပ်ဌာနချုပ်ရိပ်သာ၌ လွှဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြသည်။

http://sdtimedaily.com/2021/01/04/shp26-122/

No comments:

Post a Comment