Friday, January 29, 2021

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အလှူငွေများ ပေးအပ်လှူဒါန်း

 ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အလှူငွေများ ပေးအပ်လှူဒါန်း


    နေပြည်တော်  ဇန်နဝါရီ  ၂၉
    ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)၏ လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၃ သိန်း ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။
    အလှူငွေများပေးအပ်
    အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်-မြန်မာ ချစ်ကြည်ရေး ကိုရှေးရှုလျက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ အလှူငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အလှူငွေများကိုပေးအပ်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ခံရယူပြီး (ယာပုံ) ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
    ရှင်းလင်းပြောကြား
    ထို့နောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆောင်ရွက်လျက်ရှိသော အခြေအနေများနှင့် (NCA)တွင် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ အလှူငွေပေးအပ်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

    https://www.moi.gov.mm/news/11208

    No comments:

    Post a Comment