ကျောက်မဲမြို့ပေါ်က တိုက်ပွဲရှောင်တွေအတွက် ငြိမ်းချမ်းပါစေဆိုတဲ့ခေါင်းစဉ်နဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပ
လွေးအမ်ရွှေလီ၊ ရွှေဖီမြေ
ဇန်နဝါရီ ၃၀ ရက်၊ ကျောက်မဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တိုက်ပွဲရှောင်တွေအတွက် ငြိမ်းချမ်းပါစေဆိုတဲ့ခေါင်းစဉ်နဲ့ ဘောလုံးပြိုင်ပွဲကို ဒီနေ့ ဇန်နဝါရီ ၃ဝ ရက်မှာ ကျင်းပပေးခဲ့ကြပါတယ်။
တိုက်ပွဲရှောင်စခန်းထဲက အမျိုးသမီး၊ အမျိုးသားအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကစားကြတာဖြစ်ပြီး အခုလို ဘောလုံးပြိုင်ပွဲ ကျင်းပပေးတာဟာ နေရပ်ကိုပြန်နိုင်ပြီးတော့ ငြိမ်းချမ်းစေချင်တာကြောင့် ကျင်းပတာ ဖြစ်တယ်လို့ ဒီပွဲကို စီစဉ်ပေးတဲ့ အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ မိုင်းဆမဲင်ရိူန်းက ပြောပါတယ်။
“အဓိက သူတို့နေရပ်ကို ပြန်နိုင်ဖို့ပါ။ ဒီစစ်ရှောင်တွေပဲ မဟုတ်ဘူး။ ရှမ်းမြောက်တစ်ခုလုံးမှာ ငြိမ်းချမ်းတဲ့နယ်မြေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အဓိက ကျနော်တို့ တိုက်ပွဲတွေ ရပ်စေချင်တယ်။ အရင်လို ငြိမ်းချမ်းစေချင်တယ်”
တိုက်ပွဲရှောင်တွေအတွက် ဘောလုံးပြိုင်ပွဲတစ်ခုတည်းသာ လုပ်ဆောင်ပေးခြင်းမဟုတ်ပဲ တအာင်းစာပေတွေလည်း ဆက်လက် သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး မိုင်းဆမဲင်ရိူန်းက “သူတို့ စိတ်ဓာတ်မြှင့်တင်ဖို့အတွက် ကျနော်တို့လုပ်သွားမယ်။ အခုက သူတို့ နေရပ်စွန့်ခွာရတာ တစ်လကျော်ပြီဆိုတော့ စိတ်ဓာတ်ကျတဲ့အပိုင်းတွေ ရှိနေတယ်။ သူတို့ခွန်အားဖြစ်အောင် အနုပညာရော အားကစားရော သင်တန်းတွေရော ကျနော်တို့ လုပ်ပေးသွားမယ်။ နေရပ်မပြန်သေးရင်တော့ တအာင်းစာပေတွေ သင်ပေးသွားမယ်” လို့ ဆိုပါတယ်။
အခုလို ပြိုင်ပွဲတွေ ကျင်းပပေးလိုက်ခြင်းအားဖြင့် တိုက်ပွဲရှောင်ဒေသခံတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေပြီး အကျိုးရှိစေဖို့ မျှော်လင့်တယ်လို့ ၎င်းက ပြောပါတယ်။
တအာင်းတပ်မတော် (TNLA)နဲ့ ရှမ်းတပ်မတော် (RCSS)တပ်ဖွဲ့တို့အကြားက တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် လွယ်အံ၊ တော့ဆန်ကျေးရွာက ဒေသခံ ၁ ထောင်ကျော် မြို့ပေါ် တိမ်းရှောင်ခဲ့ရပြီး (၉၀၀)ကျော်ကတော့ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။
#တိုက်ပွဲရှောင် #ဘောလုံးပြိုင်ပွဲ #ကျောက်မဲ
#ဓာတ်ပုံ- OTMSW
https://www.facebook.com/451214215694715/posts/888393918643407/
https://www.facebook.com/shwepheemyaynews/posts/888393918643407
No comments:
Post a Comment