Monday, January 4, 2021

တော့ဆန်ကျေးရွာအုပ်စုအနီး တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင် အုမ်းငန်းကျေးရွာဘုန်းကြီးကျောင်းမှာ(၁၀၉)ဦးရောက်ရှိ

တော့ဆန်ကျေးရွာအုပ်စုအနီး တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင် အုမ်းငန်းကျေးရွာဘုန်းကြီးကျောင်းမှာ(၁၀၉)ဦးရောက်ရှိ
ကျောက်မဲ l မားနဂါး ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာမှာ ဇန်နဝါရီလ ၃ရက်နေ့မှာ RCSS နှင့် TNLA တို့အကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကုန်းသာရွာသစ်ဒေသခံပြည်သူ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး အုမ်းငန်းကျေးရွာ မှာ တိုက်ပွဲရှောင်ပြည်သူ ၁၀၉ဦးရောက်ရှိလာတယ်လို့ အုမ်းငန်းကျောင်းထိုင်ဆရာတော်က မားနဂါးသတင်း ဌာနကို ဒီနေ့ဇန်နဝါရီလ ၅ရက်နေ့မှာ မိန့်ကြားခဲ့ပါတယ်။
အဆိုပါကုန်းသာရွာသစ်ကျေးရွာဟာ အိမ်ခြေ ၃၁အိမ်ရှိပြီး လူဦးရေအားဖြင့် ၂ဝဝဝန်းကျင်ခန့်ရှိပြီး အုမ်းငန်းကျေးရွာကို ၁၀၉ဦးထွက်ပြေးတိမ်းရှောင်လာပြီးကျန်တဲ့သူတွေကတော့ နီးစပ်ရာကျေးရွာရှိ ဆွေမျိုးတွေထံသွားရောက်ထွက် ပြေးတိမ်းရှောင်ကြတယ်လို့သိရပါတယ် ။
တိုက်ပွဲရှောင်တွေကို ကျေးရွာထိသွားရောက်ကူညီပေးခဲ့တဲ့ အုမ်းငန်းကျေးရွာကျောင်းထိုင်ဆရာတော်က
“အဲဒီတော့ဆန်ဘက်မှာ ၃ရက်နေ့ကတည်းက ဦးဇင်းကိုယ်တိုင်သွားကြိုပေးတယ်။ အခုဟာဆိုရင် ၁၀၉ ယောက်ရှိပြီ အခုလာတဲ့ရွာက ရွာလုံးကျွတ်ထွက်ပြေးလာတာ။ ကျေးရွာထဲမှာ ရွာစောင့် ၂ ယောက်ပဲ ကျန်တော့တယ်။ သူတို့ရွာဘက်အခြေအနေမကောင်းတဲ့အခါကျတော့ ဦးဇင်းတို့ပဲသွားကြိုရတယ်။ ကားနဲ့ဆိုင်ကယ်တွေနဲ့သွားကြိုပေးတာ” လို့ မားနဂါးသတင်းဌာနကို မိန့်ကြားခဲ့ပါတယ်။
ထွက်ပြေးလာတဲ့ပြည်သူတွေဟာ တချို့စောင်ပါလာပြီး တချို့က အဝတ်အစားတောင်မပါလာတဲ့အနေအထား တွေရှိနေတာကြောင့် ဘုန်းကြီးကျောင်းမှာရှိတဲ့ စောင်တွေထုတ်ပေးပြီး စောင်မရတဲ့သူတချို့လည်းရှိနေပါတယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ ကုန်းသာရွာသစ်ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက
"နှစ်ဖက်လုံးက ပစ်ခတ်ကြတော့ အဘိုးအဘွားတွေ ကလေးအမေတွေရော တအားဒုက္ခရောက်တယ်။ တိုက်ပွဲဖြစ်တော့ ကိုယ်ရွာနေလို့မရတော့ သူများရွာတွေမှာထွက်ပြေးပြီး တိမ်းရှောင်နေရတယ်။ မထွက် ပြေးခင်မှာဆိုရင် အလုပ်လည်းကောင်းကောင်းမလုပ်ရဘူး။ ထမင်းလည်း တစ်အိမ်နဲ့တစ်အိမ် ပေါင်း ချက်စားရတယ်။ သူများအိမ်တွေသွားပြီး လူစုလူဝေးလုပ်နေရတယ်။ ဘယ်ပြေးရင်ကောင်းမလဲ၊ ဘယ်သွား ရင်ကောင်းမလဲဆိုပြီး အကူအညီတွေတောင်းနေရတယ်။"လို့ မားဂါးသတင်းဌာနကိုပြောပါတယ်။
မနှစ်တုန်းလည်း ဒီချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့ပေါ်ကို ၁ရရက်စစ်ရှောင်ခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး ဒီနှစ်မှာလည်း ဒီလိုထပ်ဖြစ်တော့ ဒုက္ခရောက်နေတဲ့ချိန်မှာ စားဝတ်နေရေးအတွက် ကူညီပေးတဲ့ကျေးရွာ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ သူမကဆက်ပြောခဲ့ပါတယ်။
လက်ရှိတိမ်းရှောင်လာတဲ့ပြည်သူတွေကို အုမ်းငန်းဘုန်းကြီးကျောင်းဇရပ်မှာထားရှိပြီး သူတို့ရဲ့ စားဝတ်နေရေးကို တော့ အုမ်းငန်းကျေးရွာပြည်သူတွေကနေတဆင့် အလှူခံပြီးချက်ပြုတ်စားသောက်နေကြတယ်လို့သိရပါတယ်။
အဆိုပါ ကုန်းသာရွာသစ်ကျေးရွာအနီးအနားတစ်ဝိုက်မှာ RCSS တပ်ဖွဲ့မှ တပ်စခန်းတွေချထားပြီ‌ တောထဲသွားနေတဲ့ ကျေးရွာပြည်သူ(၁၆)ဦးကျန်ရှိပြီး ကျေးရွာထဲလည်းမပြန်ရဲကြသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိ အုမ်းငန်းကျေးရွာဘုန်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူတွေအနေနဲ့ ရေရည်အတွက် စားဝတ်နေရေးအခက်အခဲဖြစ်လာနိုင်ပြီး အလှူရှင်လိုအပ်နေကြောင်းကို ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

အဆိုပါတော့ဆန်ကျေးရွာအုပ်စုဘက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီး(RCSS/SSA)နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF /TNLA)တို့အကြား မနေ့ဇန်နဝါရီလ ၄ရက်နေ့မှာလည်း တနေကုန်ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်ပွားပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ထိကို RCSS နဲ့ TNLA တို့အကြားထိတွေ့ရင်ဆိုင် တိုက်ပွဲ ၁ဝကြိမ်ဖြစ်ပွားခဲ့ပါတယ်။ 

https://www.facebook.com/MarnagarMultimediaNews/posts/4150593894969804?__cft__[0]=AZW-vARjLHMmE3AZiDFPX3TnmkBEDa_Izl8SjQ20dtFdqG1hIEpcWsqT-vEidRjLoJLvD7y0g7EqJfxkfQ2EcaNHZ6SdTvLQ1bZxxyQj1mnEZoxTqlYmfj7ztOJI2vd5Df5mrN9gyBuw3UKT4CipTlhi&__tn__=%2CO%2CP-R

No comments:

Post a Comment