Sunday, January 3, 2021

AA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ရန် တပ်မတော် မျှော်လင့်

 AA အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး ရရှိသည်အထိ မျှော်လင့်ထားကြောင်း တပ်မတော်က ပြောသည်။

''ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ တစ်ဖက်နဲ့တစ်ဖက် ထိတွေ့ တိုက်ခိုက်မှုမဖြစ်ပွားစေရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်လာဖို့ကတော့မျှော်လင့်ထားပါတယ်''ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကမြန်မာတိုင်းမ်သို့ ပြောသည်။

၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်၊ ကျောင်းတောင်၊ ဂုပ္ပိနှင့် ခထီးလှဆိုသည့် နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို AA တပ်ဖွဲ့ဝင်များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။ ထိုအချိန်မှစတင်ပြီး ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင်တပ်မတော်နှင့် AA တို့အကြား ပိုမိုပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလာခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလကုန်အထအရပ်သား နှစ်သိန်းဝန်းကျင် အိုးအိမ်စွန့်ခွာခဲ့ရပြီး လူနေအိမ် ၂ဝဝဝ ကျော်မီးလောင်ဆုံးရှုံးခဲ့သည်။

သို့သော်လည်း ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ရခိုင်ပြည်နယ်(မြောက်ပိုင်း)၌ တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုလုံးဝမရှိတော့သလို နိုဝင်ဘာ ၂၅ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် အွန်းလိုင်းမှတစ်ဆင့် နာရီဝက်ကြာ ဆွေးနွေးနိုင်ခဲ့သည်။ ယင်းဆွေးနွေးမှု၏ နောက်ဆက်တွဲကို'ဝ'ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းတွင်တပ်မတော်ဘက်မှ ဗိုလ်ချုပ်တစ်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် AA အဖွဲ့၏ ဒုတိယခေါင်းဆောင် ဒေါက်တာညိုထွန်းအောင် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံနိုင်ခဲ့ကြသည်။ ထို့ပြင် တတိယအကြိမ်ဆွေးနွေးမှုကို တပ်မတော်ငြိမ်းချမ်းရေးကော်မတီခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ ဒီဇင်ဘာ ၃ဝ ရက်က အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲများ၏ရလဒ်အဖြစ် အောက်တိုဘာလ ၁၄ ရက်နေ့က AA အဖွဲ့ကဖမ်းဆီးထားသော တောင်ကုတ်မြို့နယ်မှ NLD လက်ရှိ တောင်ကုတ်မြို့နယ်မှလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်နီနီမြင့်၊ ဦးမင်းအောင်၊ ၂ဝ၂ဝ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနှင့် အခြားသော တပ်မတော်သားသုံးဦးတို့အား ဇန်နဝါရီ ၁ ရက်တွင် လွတ်မြောက်လာခဲ့သည်။ ၎င်းတို့လွတ်မြောက်ရေးအပါအဝင် စနစ်တကျလွှဲပြောင်းမှု အစီအစဉ်များကို မြန်မာ့တပ်မတော်နှင့် AA အဖွဲ့အကြား ဒီဇင်ဘာ နောက်ဆုံးပတ် အစပိုင်းကတည်းကဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

AA အဖွဲ့က ၎င်းတို့အနေဖြင့် NLD ပါတီဝင်များကို ပြန်လည်လွတ်ပေးခဲ့သလိုမျိုး NLD အစိုးရအနေဖြင့်လည်း အမှန်တကယ်ပြစ်မှုကျူးလွန်ခြင်းမရှိဘဲပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထားသော ရခိုင်နိုင်ငံရေးသမားများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထားသော AA အဖွဲ့ဝင်များကို ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ပြန်လွတ်ပေးရန် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

https://myanmar.mmtimes.com/news/149258.html

No comments:

Post a Comment