Sunday, January 3, 2021

AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များ ပြန်လွှတ်ပေးရန် မိသားစုဝင်များ ထပ်မံတောင်းဆို

 AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များ ပြန်လွှတ်ပေးရန် မိသားစုဝင်များ ထပ်မံတောင်းဆို

03-Jan-2021

ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏မိသားစုဝင်များက ၂၀၂၀ ဩဂုတ်လက မန္တလေးမီဒီယာစင်တာတွင် သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့စဉ်။

မန္တလေး၊ ဇန်နဝါရီ ၃

နိုင်ငံ့တာဝန်ထမ်းဆောင်နေစဉ် AA လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံရသော ရဲတပ်ဖွဲ့ဝင်များ ပြန်လွှတ်ပေးရေးအတွက် အစိုးရနှင့် A နှစ်ဖက် ညှိနှိုင်းဖြေရှင်းပေးရန် ရဲတပ်ဖွဲ့ဝင်မိသားစုများက ထပ်မံတောင်းဆိုလိုက်သည်။

နိုင်ငံတော်သမ္မတနှင့်တာဝန်ရှိသူများထံ တင်ပြတောင်းဆိုမှုများ ဆောင်ရွက်ထားသော်လည်း ယခုအချိန်အထိ ထူးခြားမှုမရှိသေးကြောင်း၊ ဖမ်းဆီးခံ ထားရသော ရဲတပ်ဖွဲ့ဝင်များ အသက်ရှင်လျက်ရှိ၊ မရှိနှင့်ပတ်သက်၍ AA အဖွဲ့အနေဖြင့်လည်း သတင်းထုတ်ပြန်ပေးစေလိုကြောင်း ရခိုင်ပြည်နယ် သဇင်မြိုင်ရဲစခန်းမှ ရဲတပ်သားအောင်ထွန်းသူ၏ဇနီး ဒေါ်ပြည့်ပြည်ငြိမ်းက ပြောကြားသည်။

“အခုဆိုရင် တပ်ကလည်း စေ့စပ်ညှိနှိုင်းရေးတွေလုပ်တယ်။ တပ်နဲ့လည်းတိုက်ရိုက်ဆွေးနွေးတာတွေရှိတယ်။နောက်ပိုင်းမှာ ထူးခြားမှုတွေရှိတယ်။  NLD ဆိုလို့ရှိရင်လည်း သူတို့ရဲ့တောင်းဆိုမှုတွေ၊ ပြည်သူတွေရဲ့တောင်းဆိုမှုတွေ၊ ပြီးရင် အကြီးအကဲတွေရဲ့ အကူအညီတွေကြောင့် ထူးခြားပြောင်းလဲမှုများရှိခဲ့တယ်။ NLD ကိုယ်စားလှယ်တွေလည်း လွတ်ခဲ့တယ်။ တပ်မတော်သားအချို့လည်း လွတ်ခဲ့တယ်။ ကျွန်မတို့ရဲတပ်ဖွဲ့ဝင်တွေလည်း အမြန်ဆုံးလွှတ်ပေးဖို့နဲ့ သတင်းမှန်ထုတ်ပြန်ပေးဖို့ တောင်းဆိုပါတယ်”ဟု ၎င်းက ထပ်မံပြောဆိုသည်။

ဖမ်းဆီးခံထားရသောရဲတပ်ဖွဲ့ဝင်များ သက်ရှိထင်ရှား ရှိသေးသည်ဆိုပါက အစိုးရနှင့်တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ပစ်မထားရန်၊ NLD အမတ်သုံးဦး၊ တပ်မတော်သားသုံးဦးကို ကယ်ထုတ်ပေးသကဲ့သို့ ညှိနှိုင်းဆွေးနွေးကာ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး ဆောင်ရွက်ပေးစေလိုကြောင်း ဖမ်းဆီးခံထားရသော ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ရွှေစင်က ပြောကြားသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ NLD ပါတီကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့် နှင့် ဒေါ်ချစ်ချစ်ချောတို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုဇန်နဝါရီ ၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ရာတွင် တပ်မတော်သား သုံးဦးကိုလည်း AA လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှာ ၂၀၂၀ ပြည့်နှစ် မေလနှင့်အောက်တိုဘာလအတွင်းက AA လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အမြန်ဆုံးကယ်တင်ပေးနိုင်ရေးနှင့် တိကျမှန်ကန်သောသတင်းထုတ်ပြန်ပေးရေးအတွက် နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာဌာနများထံ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်းက တင်ပြထားခဲ့ကြောင်း ၎င်းတို့၏မိသားစုများထံမှ သိရသည်။           
http://thevoicemyanmar.com/news/45312-yee

No comments:

Post a Comment