သီပေါမြို့နယ် ဝမ်နွက်ကျေးရွာမှာ သက်ငယ်မုဒိမ်းမှုနဲ့လူသတ်မှုကျူးလွန်သူကို SSPPတပ်ဖွဲ့မှ သေဒဏ်ချမှတ်
လားရှိုး | မားနဂါး ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက်နေ့မှာ သီပေါမြို့နယ် ဝန်နောင်ကျေးရွာအုပ်စု ဝမ်နွက်ကျေးရွာရှိ ကလေးငယ်တစ်ဦးကို မုဒိမ်းမှုနဲ့လူသတ်မှုကျူးလွန်ခဲ့တဲ့ တရားခံကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်ဖွဲ့မှ သေဒဏ်ချမှတ်လိုက် တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)မှ ဒီဇင်ဘာလ ၂၂ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြစ်မှုကျူးလွန်သူ အသက်(၃၀)နှစ်အမျိုးသားတစ်ဦးဟာ ဝမ်နွက်ကျေးရွာရှိ အသက်(၆)နှစ်အရွယ်ရှိသမီးငယ်ကို နေအိမ်မှ အတင်းအဓမ္မဖမ်းချုပ်ကာရွာ အရှေ့ဘက်ဘက်ချုံထဲမှာ မုဒိမ်းပြုကျင့်ပြီး လျှိုမြှောင်တွင်းမှာ ပစ်ချခဲ့ ကြောင်း စီစစ်သိရှိရတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်ထုတ်လိုက်ရတဲ့ရည်ရွယ်ချက်နဲ့အရင်ကလည်း အဆိုပါဖြစ်စဉ်မျိုးရှိခဲ့ကြောင်းကို ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင်က
"ခုလိုဖြစ်စဉ်မျိုးလို ၂၀၁၅မှာ တစ်ခါရှိခဲ့ပြီး သေဒဏ်ပေးခဲ့တယ်။ အဲချိန်မှာ ကျနော်တို့ ဌာနချုပ်တဝိုက်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားတော့ လူသိထင်းရှားမထုတ်ပြန်ခဲ့ဘူး။ဒီတစ်ကြိမ်ထပ်ဖြစ်တယ်ဆိုတော့ ပြည်သူလူထုတွေအနေနဲ့ မသိလို့မဖြစ်ဘူးဆိုတဲ့အခြေအနေရောက်လာတော့ ကျနော်တို့ ထုတ်ပြန်လိုက်ရတယ်။" လို့ မားနဂါးသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
သီပေါမြို့နယ် မန်နောင်အုပ်စုတွေမှာ SSPP/SSA ရဲ့ ထိန်းချုပ်ရာနယ်မြေဖြစ်ပြီး အုပ်ချုပ်ယန္တရားအောက်မှာ နေထိုင်တဲ့အတွက်ကြောင့် ကျနော်တို့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့အတွက်ကြောင့် အဆိုပါအမှုကို ကျနော်တို့ ဆုံးဖြတ်သွားတာဖြစ်တယ်လို့ ဗိုလ်မှူးစိုင်းသန်းအောင်က ဆက်လက်ပြောကြားခဲ့ပါတယ်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ မြို့နယ်၊ ခရိုင်တရားရုံး အဆင့်ဆင့်မှ အမှုစစ်ခဲ့ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုတရားရုံးသို့ တရားခံနှင့်အတူ အမှုလွှဲအပ်ခဲ့ပြီး ဗဟိုတရားရုံးမှ လွတ်လပ် ပွင့်လင်းတဲ့ တရားခွင်မှာ အမှုစစ်ဆေးပြီး အဆိုပါအမှုသည် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှုမြောက်ကြောင်း ဒီဇင်ဘာလ ၂၂ရက်နေ့မှာ ထပ်မံအတည်ပြုခဲ့ပါတယ်။
အသက်မပြည့်တဲ့သူကို မုဒိမ်းပြုကျင့်တဲ့အတွက်ကြောင့် သက်ငယ်မုဒိမ်းကျူးလွန်မှု နဲ့ မုဒိမ်းပြုကျင့်ပြီး သေတဲ့ အထိလုပ်ကြံခဲ့တဲ့အတွက်ကြောင့် လူသတ်မှုမြောက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုတရားရုံးမှ တရားခံကို ပြစ်မှုနှစ်ခုကျူးလွန်မှုဖြင့် သေဒဏ်ချမှတ်လိုက်ပါကြောင်း သတင်းထုတ်ပြန်ကြေညာထားပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4117537384942122?__cft__[0]=AZXZuDp2CW3xM6XDc9sBZ41UgMcj6mHSPYsO_qqxHXvB0sEoSHgGJNBbV87uYJnUp0Ix8_dFfTM-REB2olC-q_Ce-_wrcEVkkOPG1pe1cxkF9XIVlJal751u61yMPEdNM5vpoxjiMsr4zkxcMt5MLfjZ&__tn__=%2CO%2CP-R
No comments:
Post a Comment