ကျောက်တစ်လုံး အိုင်ဒီပီစခန်း ပိတ်သိမ်းနိုင်ရေး စီမံချက်ရေးဆွဲထားပြီးဖြစ်ဟုဆို
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးခုမှ IDP စခန်းငါးခုတွင် နေထိုင်သူများအား ပြန်လည်နေရာချထားပေးကာ စခန်းများ ပိတ်သိမ်းနိုင်ခဲ့ပြီး ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းနိုင်ရေး အတွက် စီမံချက်ရေးဆွဲထားပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
ဒီဇင်ဘာ ၂၁ ရက်က Virtual စနစ်ဖြင့် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေးနှင့် စခန်း ပိတ်သိမ်းရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် ကြိုးစား ဆောင်ရွက်နေကြောင်း၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာများနှင့်အညီ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ဒေသခံလူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာသည် ပြည်တွင်း၊ ပြည်ပသဘော တူညီချက်ရရှိထားပြီး တစ်နိုင်ငံလုံးအတွက် ချမှတ်ထားသော မဟာဗျူဟာဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်၊ ပေါက်တောနှင့် မြေပုံမြို့နယ်ငါးမြို့နယ်မှ ကညင် တော၊ ကျောက်နီမော် (ကမန်)၊ နိဒင်၊ မင်းသာဖ၊ တောင်ပေါ် စသော စခန်းငါးခုမှ လူဦးရေ ၄၆၈၆ ဦးတို့အား ပြန်လည်နေရာ ချထားပေးပြီး စခန်းများ ပိတ်သိမ်းနိုင်ခဲ့ကြောင်းနှင့် ကျောက်ဖြူ မြို့နယ် ကျောက်တစ်လုံး IDP စခန်းနှင့် ပတ်သက်၍ လိုအပ် သည့် စီမံချက်လည်း ရေးဆွဲထားပြီးဖြစ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
ရခိုင်ပြည်နယ်အနေဖြင့်လည်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအရ ပြည်နယ်အဆင့်ကော်မတီကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ ကျောက်တစ်လုံး IDP စခန်း ပိတ်သိမ်းနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့က စခန်းနေ နေရပ်စွန့်ခွာရသူ များနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွက်သာမက ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ပြည်တွင်းနေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် မဟာဗျူဟာအရ လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် နိုင်ငံတကာ ပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောသည်။
ကိုဗစ်(၁၉) ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင်လည်း တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရမူဖြင့် နေရပ်စွန့်ခွာသူ များအတွက် ဦးစားပေးစဉ်းစားခဲ့ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အထူးစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ဆဲ MCCT အစီအစဉ်အရ စခန်းများရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့က မွေးဖွားသော နှစ်နှစ်အောက် ကလေးငယ်များအား ထပ်ဆောင်းထောက်ပံ့ခဲ့ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကလည်း CERP အစီအစဉ်အရ IDP စခန်းများတွင် အိမ်ထောင်စုတစ်စုလျှင် တစ်ကြိမ်လျှင် ကျပ် ၄၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတကာအလှူရှင်များ၏ ထောက်ပံ့မည့်အစီအစဉ်များကိုလည်း ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ စခန်းနေ နေရပ်စွန့်ခွာသူများအနေဖြင့် မဟုတ်မမှန် အထင်အမြင်လွဲမှားနိုင်သည့် ကောလာဟလသတင်းများ၊ သွေးထိုး နှောင့်ယှက်မှုများကို နားယောင်နေပါက လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခက်ခဲနိုင်ကြောင်း၊ စခန်းနေ နေရပ်စွန့်ခွာသူများ၏ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများရှိရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ IDP စခန်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
http://sdtimedaily.com/2020/12/23/shp29-61/

No comments:
Post a Comment