တပ်မတော် အင်အားတိုးချဲ့ခြင်း၊ ဒရုန်းဖြင့် ထောက်လှမ်းခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် NCA သဘောတူညီချက်များ ချိုးဖောက်ဟု KNU တပ်မဟာ ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးပြော
By ရန်ကုန်ခေတ်သစ်
ကရင်ပြည်နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA တပ်မဟာ ၅ ပိုင်နက် နယ်မြေအတွင်း တပ်မတော်နှင့် ကရင် တပ်မဟာ ၅ တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယင်းအခြေအနေများနှင့်ပတ်သက်၍ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ကရင်ပြည်နယ် မဲဝိုင်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ဖြစ်တာပေါ့။ ဒါပေမယ့် မနေ့ကနဲ့ ဒီနေ့ကတော့ တန့်ထားတယ်လို့ကြားတယ်။ ရပ်တန့်နေတယ်ပေါ့။ မနေ့နဲ့ ဒီနေ့ ရပ်တန့်တယ်လို့ကြားရတာပေါ့။
မေး။ ။ တိုက်ပွဲအခြေအနေအတွင်းမှာ ထိခိုက်ဒဏ်ရာရမှု အခြေအနေဘယ်လိုရှိလဲ။
ဖြေ။ ။ ထိခိုက်ဒဏ်ရာရမှုကတော့ နှစ်ဘက်စလုံးတော့ရှိတယ်။ ဒါပေမယ့် အနည်းနဲ့အများပေါ့။ ဒါပေမယ့် ဟိုဖက်မှာ ဘယ်လောက်ထိတယ်။ ဘယ်လောက် ကျတယ်ဆိုတာ အတိအကျလည်းပြောလို့မရဘူး။ ဒီဖက်မှာကျတော့ ကျွန်တော်သိရသလောက်တော့ ကျတာ ၁ယောက်ရှိတယ်လို့ ရှေ့တန်းကနေပြီးတော့ သတင်းပို့လာတယ်။
မေး။ ။ ဒီလိုမျိုး ကရင်ပြည်နယ်အတွင်းမှာ ထိတွေ့မှုတွေက ဘယ်အချက်တွေကြောင့်ဖြစ်နေတာလဲ။
ဖြေ။ ။ အဓိကအချက်ကတော့ တပ်ရွှေ့လာတာ။ ပထမအနေနဲ့ပေါ့လေ။ ပြောရမယ်ဆိုရင် တင်းမာမှုတွေက တဖြည်းဖြည်းနဲ့ကြီးလာတဲ့ ပုံစံမျိုးနဲ့ကျတော့ ပထမအနေနဲ့ကတော့ မဲဝိုင်မှာ လာထိုင်တဲ့ တပ်နဲ့က ဒီဘက်ကနဲ့ သူတို့ပြေလည်မှုတွေရှိကြတယ်။ နားလည်မှုတွေရှိကြတယ်။
ယုံကြည်မှုတွေ ရှိကြတယ်။ အပစ်အခတ်မရှိတော့ တော်တော်လေးယုံကြည်မှုရှိတယ်လို့ပြောလို့ရတာပေါ့။
နောက်ပိုင်း လာပြီးတော့ တာဝန်ယူတဲ့ တပ်တွေက သူတို့လှုပ်ရှားမှုဟာ နည်းနည်းပိုများလာပြီးတော့ ဒီဘက်က တပ်မဟာ ပေးထားတဲ့ သွားလာလှုပ်ရှားရမယ့် ဒီဘက် ကျော်လွန်ပြီးတော့ လုပ်လာတယ်လေ။ လုပ်လာပြီးတော့ နောက်ပိုင်း အဲဒီမှာ သစ်တောထိန်းသိမ်းတဲ့ အဖွဲ့တစ်ယောက်ကို သူကစခန်းကနေပြီးတော့ အသေပစ်သတ်လိုက်တာလည်း တစ်ခါဖြစ်လာတယ်။
နောက်ပြီးတော့ ဒီကျေးရွာသူတစ်ယောက်ကို သွားပြီးတော့ ပစ်သတ်ပြီးတော့ နားကပ်နဲ့ ဆွဲကြိုးလုယူတာတွေလည်း ဖြစ်လာတဲ့နောက်ပိုင်းကတော့ နည်းနည်းတင်းမာလာတယ်။ ဒီအရင်ကတပ်တွေ ပြန်ရုပ်ပြီးတော့ နောက်ဆုံးတက်လာတဲ့ ဒီ ခမရ-၃၃၉ ပေါ့လေ။
သူတို့တက်လာပြီးနောက်ပိုင်း သူတို့ရဲ့ လှုပ်ရှားမှုမှာ ပိုပြီးတော့များလာတယ်။ နောက်ပြီးတော့ သတ်မှတ်ပေးထားတဲ့ အပြင်ဘက် ကျော်လွန်ပြီးတော့ ပိုပြီးတော့လှုပ်ရှားလာတယ်။ ညဘက်ပါလှုပ်ရှားလာတယ်။ ဒီဘက်မှာ နီးစပ်တဲ့စခန်းတွေကို ဒရုန်း နဲ့ လာပြီးတော့ ထောက်လှမ်းမှုတွေ ပိုပြီးတော့ လုပ်လာတဲ့အခါကျတော့ အဲဒီမှာ သူတို့သွားလာတာကလည်း လှုပ်ရှားတာကလည်း ဒီဘက်ကို အကြောင်းမကြားဘူး။ အသိလည်း မပေးဘူး အဲလိုမျိုးဖြစ်တယ်။
ဒီဘက်ကလည်း တပ်မဟာ ၅ တပ်ရင်း ၁ဝ၂ ကနေပြီးတော့ သူတို့ကို ရွာလူကြီးကနေ သူတို့ကိုအကြောင်းကြားတာပေါ့လေ သတ်မှတ်ပေးတဲ့ခွင်ထက် ကျော်လွန်ပြီးတော့လည်းမသွားမလာနဲ့ပေါ့။ နောက်ပြီးတော့ သူတို့တပ်မှူးကလည်း သိပ်ပြီးတော့ မလုပ်နဲ့ပေါ့။
အထူးသဖြင့် ညဘက်မှာ လှုပ်ရှားတာတွေကတော့ မလုပ်ပါနဲ့ တကယ်လို့ အရေးကြီးမယ်ဆိုရင်လည်းပဲ အရင်အကြောင်းကြားပြီးမှ သွားလာပါလို့ အဲလိုပြောတော့ သူတို့ဘက်ကနေပြီးတော့မှ အသိအမှတ်လည်းမပြုဘူး။ အလေးလည်းမထားဘူး။
သူ့ဟာနဲ့သူလှုပ်ရှားတယ်။ သူတို့ပြောတာကတော့ သူတို့က အကုန်လုံးပိုင်တဲ့ နယ်မြေဖြစ်တဲ့ပေါ်မှာ သူတို့က အထက်အမိန့်အရလှုပ်ရှားလို့ရတာပဲ အကုန်လုံးဆိုပြီးတော့မှ အဲလိုမျိုးဖြစ်လာတယ်။ နောက်ပိုင်းကျတော့ သူရဲ့လှုပ်ရှားမှုက ကျော်လွန်ပြီးတော့ရောက်သွားတော့ အဖွဲ့တွေနဲ့သွားတိုးပြီးတော့ ထိတွေ့မှု ပစ်ခတ်မှုတွေဖြစ်တာပေါ့။
အဲဒီမှာ အခြေအနေက ပိုပြီးတော့ တင်းမာလာတာပေါ့။ အဲလိုမျိုး အခြေအနေဖြစ်လာတဲ့အပေါ်မှာ ဟိုဖက်နေပြီးတော့ တပ်အင်အား တစ်ခါတိုးလာတဲ့အခါကျတော့ ယုံကြည်မှုက ပိုပြီးတော့ လျှော့နည်းပြီးတော့မှ တင်းမာမှုကပိုဖြစ်လာတာပေါ့။ အဲဒီအခါကျတော့ ကြိုကြားကြိုကြားဖြစ်ကျတယ်။
မေး။ ။ ဒီလိုထိတွေ့မှုတွေကြောင့် စစ်ဘေးရှောင်တွေရှိလာတယ်လို့ပြောတယ်။ အဲအခြေအနေကကော ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျေးရွာအုပ်စုက မယ်ဝေကျေးရွာအုပ်စုနဲ့ မယ်စီကျေးရွာအုပ်စုရယ်။ နောက် မန်လိမ့်ခြောက်ကျေးရွာအုပ်စုဆိုတာ အဲဒီခွင်ထဲမှာရှိတယ်။ အဲမှာ မယ်ဝေ ကျေးရွာအုပ်စုက သူတို့လွတ်ရာကို ထွက်ပြေးသွားတာက ကျေးရွာပေါင်း ၁ဝရွာလောက်ရှိတယ်။
နောက်ပြီးတော့ မယ်စီကျေးရွာကျတော့ ၂ရွာရှိတာပေါ့။ အကုန်လုံးက ၁၃ရွာလောက် လွတ်ရာကို ထွက်ပြေးတာပေါ့။ လူဦးရေကျတော့ အားလုံးက ၃၂၆ဝ လောက်ရှိတယ်။ အဲဒီထွက်ပြေးပြီးတော့ လွတ်ရာကို ထွက်ပြေးသွားတဲ့သူ ကျေးရွာသူကျေးရွာသားတွေပေါ့။ ၃၂၆ဝ ရှိတယ်။
မေး။ ။ သူတို့စားဝတ်နေရေး အခြေအနေကော ဘယ်လိုရှိလဲ။ ထောက်ပံ့မှုတွေ လုပ်ဆောင် ထားလား။
ဖြေ။ ။ အခုလောလောဆယ် အနေနဲ့ကတော့ ဒီအစီအစဉ်ကတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်တာတွေတော့ မရှိသေးဘူး။ နောက်ပြီးတော့ သူတို့ရဲ့ တင်ပြချက်အရ အခုလောလောဆယ် အနေနဲ့ကတော့ သူတို့ထွက်ပြေးတာကလည်း ဝေးဝေးလံလံ မသွားဘူး။
သူတို့နီးစပ်တဲ့အခြားရွာမှာ သူတို့ရှိတဲ့ ဆွေမျိုးတွေနဲ့ သွားပြီးတော့ ခွေနေတယ်။ အခုလောလောဆယ်တော့ သူတို့ရပ်တည်ဖို့ ရသေးတယ်။ ဒါပေမယ့် အခြေအနေက ဖြေလျော့မှုမရှိဘဲနဲ့ ဆက်လက်ပြီးတော့ တင်းမာမယ်ဆိုရင်တော့ ရက်ပေါင်းကြာလာရင်တော့ သူတို့အခက်အခဲတွေရှိလာနိုင်တဲ့အကြောင်းတော့ သူတို့တင်ပြတာပေါ့။
မေး။ ။ ပြည်သူတွေကလည်း အခြေအနေတွေ ဆက်လက်တင်းမာလာမှာကို စိုးရိမ်နေတယ်ဆိုတော့ ဘယ်လိုမျိုးနည်းလမ်းနဲ့ အဖြေရှာဖို့ စဉ်းစားထားလဲ။
ဖြေ။ ။ အဲဒီဘက်မှာကျတော့ ရှေ့တန်းအချင်းချင်းကတော့ သူတို့တွေက တည်ဆောက်မှု လုပ်ဖို့ကတော့ အခက်အခဲတော့တော်တော်ဖြစ်မယ်။ ဒါအထက်က အချင်းချင်း နှစ်ဖက်ညှိနှိုင်းပြီးတော့ တည်ဆောက်အောင်လုပ်မှပဲပေါ့။ ဒါကျွန်တော့်တစ်ယောက်အနေနဲ့ မြင်တာပေါ့။
မေး။ ။ ဒီဖြစ်စဉ်ကိုကော ဘယ်လိုသုံးသပ်မိလဲ။
ဖြေ။ ။ တပ်မတော်ကတော့ သူက NCA အရဆိုရင်တော့ သူချိုးဖောက်ရာဖြစ်တာပေါ့။ အပစ်ရပ်စဲရေးကာလရယ်။ နောက်နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကာလမှာ တစ်ဖက်နဲ့တစ်ဖက် ထောက်လှမ်းမှုမလုပ်ရဘူး။
နောက်အင်အားတိုးချဲ့တာတို့ လက်နက်၊ ခဲယမ်း မီးကျောက်နဲ့ စားနပ်ရိက္ခာတို့ လိုတာထပ်ပိုပြီးတော့ စုဆောင်းတာတို့ နောက်ပြီးတော့ စစ်ရေးပုံစံနဲ့ စစ်ကြောင်းတွေဖွဲ့ပြီးတော့ လှုပ်ရှားတာတို့ ဘာညာမလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တွေရှိတဲ့အထဲမှာ သူတို့က အဲဒီဟာ လုပ်နေတဲ့အပေါ်မှာ အဲဒီလိုမျိုး ပြဿနာ ထိပ်တိုက်ပြဿနာမျိုးတွေဖြစ်တာပေါ့။
မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိမလဲ။
ဖြေ။ ။ ဖြစ်တာကတော့ ရှေ့တန်းအချင်းချင်းပေါ့လေ။ ရှေ့တန်းအချင်းချင်းဖြစ်တဲ့ဟာကို အထက်က တာဝန်ရှိတဲ့သူများ ဖြေလျှော့မှုလုပ်ရမယ့်ဟာ ဖြစ်တာပေါ့။ နှစ်ဖက်စလုံး ဖြေလျှော့မှုလုပ်ရမယ့် တာဝန်တွေရှိတာပေါ့။
နောက်ပြီးတော့ NCA လမ်းကြောင်းအရဆိုရင် ရှေ့တန်းအချင်းချင်းကနေ ဖြစ်တဲ့ဟာကို အင်အားသုံးပြီးတော့ မဖြေရှင်းဖို့ရယ်။ NCA လမ်းကြောင်းအတိုင်းသွားပြီးတော့ အဲဒီမှာ စားပွဲပေါ်မှာတင်ပြီးတော့ ဖြေရှင်းရမယ့်ဟာတွေလည်း NCA လမ်းကြောင်းပေါ်မှာလည်း ပြဌာန်းတဲ့ လမ်းကြောင်းတွေလည်းရှိတဲ့အပေါ်မှာ အဲဒီလိုလုပ်သွားဖို့တော့ သင့်တာပေါ့လို့ ကျွန်တော့်အနေနဲ့ပြောချင်တာပေါ့။
https://www.facebook.com/khitthitnews/posts/1097241810713164?__cft__[0]=AZVY_tcOzqSbMq4HZrXKoRQr9KUsl7sKaQr_GSYT9fdz5r0ZMS4Rf5jJf7O_GUCoXcFNjXPVQoMl-8AqKofM7zHQI3b24vvA29KBNfWqRUWAgV-158IQKSFjrrdioU39r03CagVP7nLgL9X3M5bwfQ1F&__tn__=%2CO%2CP-R
No comments:
Post a Comment