တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူတွေနဲ့ ကချင်ပြည်နယ်မှာ ဒီနေ့တွေ့ဆုံပြီး စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KBC အကြီးအကဲတွေ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခရိပ်သာမှာ တွေ့ဆုံမှုအတွင်း စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စကိုပါ ဆွေးနွေးခဲ့ကြတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသမှာ မိုင်းရှင်းလင်းရေး အပါအဝင် ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်ရေး၊ ဒေသတွင်းမှာ အခြေစိုက် လှုပ်ရှားနေတဲ့ KIO ကချင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ရဲ့ ပူးပေါင်းပါဝင်မှုတွေကို KBC တာဝန်ရှိသူတွေဘက်က ဆွေးနွေးခဲ့ကြတယ်လို့လည်း KBC ဥက္ကဋ္ဌ ဒေါက်တာခါလမ်ဆမ်ဆွမ်က ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ ကမ္ဘာ့ donation လှူတန်းငွေနဲ့ (IDP) တွေ ပြန်ဖို့ကိစ္စမှာ တော်တော်ကြာသွားမယ်ဆိုတော ကျနော်တို့သိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောက်အများကြီး အိမ်ထောင်စုကို ကူညီနိုင်မယ့် ငွေရေးကြေးရေးကလည်း ဒီလောက် မမျှော်မှန်းနိုင်ဘူးပေါ့။ ဒါကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်နိုင်မယ့်ကိစ္စကို ကျနော်လုပ်မယ့်အချိန်မှာ IDP တွေရဲ့ စိုးရိမ်မှုကတော့ landmine (မြေမြှုပ်မိုင်းပဲ)။ Landmine ကိစ္စမှာ ကျနော်တို့က တပ်မတော်ရဲ့ မိုင်းရှင်းလင်းရေးကတော့ ဒါ နံပတ် (၁) အရေးအကြီးဆုံးပဲ။”
စစ်ရှောင်တွေနေရပ်ပြန်ရေး တပ်မတော်က ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့တဲ့အပေါ် ကြိုဆိုကြောင်းလည်း ပြောပါတယ်။KBC တာဝန်ရှိသူတွေနဲ့ ၁ နာရီခွဲလောက်ကြာ တွေ့ဆုံမှုအတွင်း ကာကွယ်ရေးဦးစီးချုပ်က တနိုင်ငံလုံး အပစ်အခတ်ရပ်ရပ်စဲရေး စာချုပ် NCA သဘောတူညီချက်နဲ့ KIO အဖွဲ့အပေါ် သဘောထားတွေအပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဒေါက်တာခါလမ်ဆမ်ဆွမ်က ပြောပါတယ်။
“ကျနော်တို့ NCA ကိစ္စတွေ ပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စတွေ သူပြောပါတယ်။ ပြောတဲ့နေရာမှာတော့ NCA ကိစ္စကတော့ လိုင်ဇာမှာ စဖြစ်တဲ့ ခေါင်းစဉ်ဖြစ်တယ်ဆိုတဲ့ အကြောင်း။ ဒါပေမဲ့ တကယ်တမ်း ကျတော့ KIA က ပြန်မပါလာတော့ သူစိတ်မကောင်းဘူးဆိုတဲ့ အကြောင်းတွေ ပြောပါတယ်။ အခြေခံဥပဒေအနေနဲ့ အားလုံးက တပြည်လုံးက လက်ခံခဲ့တဲ့ ဖွဲ့စည်းပုံကို အချိန်အကန့်အသတ် တခုမှာတော့ လိုက်နာပြီးမှ ပြင်စရာကိုလည်း လက်ခံမယ်ဆိုတာကို သူပြောပါတယ်။ သူလက်ခံမယ်ဆိုတဲ့ အကြောင်းပေါ့။”
တွေ့ဆုံမှုအတွင်း နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အားနည်းချက်တွေနဲ့ ကိုဗစ်ကပ်ရောဂါကာလ နိုင်ငံရေးပါတီတွေ စည်းရုံးလှုပ်ရှားခွင့်တွေ နည်းပါးခဲ့တဲ့ ကိစ္စတွေနဲ့ ရခိုင်ပြည်နယ် အပါအဝင် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ဒေသတွေမှာ ပြန်လည်ကျင်းပနိုင်ရေး အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်တွေဖြစ်တဲ့ ကချင်လက်နက်ကိုင် KIA၊ တအန်းလက်နက်ကိုင် TNLA၊ ကိုးကန့်အဖွဲ့ MNDAA၊ ရခိုင်လက်နက်ကိုင် AA တို့ကတော့ အပစ်ရပ် သဘောတူညီချက်ရဖို့ ညှိနှိုင်းနေရဆဲပါ။ မကြာသေးခင်က တပ်မတော်ဘက်က ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ တခုကို အဆင့်မြင့်အရာရှိတွေနဲ့ ဖွဲ့စည်းခဲ့တဲ့အပေါ်မှာတော့ TNLA၊ AA၊ MNDAA သုံးဖွဲ့က ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက် အသီးသီး ထုတ်ပြန်ခဲ့တာပါ။ ဒီနေ့တွေ့ဆုံမှုမှာတော့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဘက်က အကြီးအကဲ ခြောက် ယောက်၊ တပ်မတော်ဘက်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် ကြည်း၊ ရေ၊ လေ အရာရှိတချို့လည်း ပါဝင်ခဲ့ကြပါတယ်။
https://burmese.voanews.com/a/kbc-min-aung-hlaing/5682770.html
No comments:
Post a Comment