'ဝ' ထိန်းချုပ်ဒေသတွင် COVID - 19 အတည်ပြုလူနာ ၂၇ ဦးတွေ့ရှိ
Posted: December 26, 2020
'ဝ' အဖွဲ့ (UWSA) ထိန်းချုပ်ဒေသတွင် COVID - 19 ဓာတ်ခွဲအတည်ပြုလူနာ ၂၇ ဦးတွေ့ရှိခဲ့ပြီး၊ သေဆုံးသူမရှိကြောင်း 'ဝ' အဖွဲ့၏ COVID - 19 ရောဂါထိန်းချုပ်ရေး ကော်မတီ က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၅ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဓာတ်ခွဲနမူနာပေါင်း ၄၀၆၃ ခုကို စစ်ဆေးခဲ့ရာတွင် COVID - 19 အတည်ပြုလူနာအဖြစ် မိုင်းပေါက်ခရိုင်တွင် ၁၈ ဦး၊ ပန်ဆန်းမြို့တွင် ၉ ဦး တွေ့ရှိကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလောဆောင်ရွက်နေသော COVID - 19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်များနှင့် ပတ်သက်ပြီး မေးမြန်းရန် 'ဝ' အဖွဲ့မှ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းအား The Ladies News က အကြိမ်ကြမ် ဆက်သွယ်ခဲ့သော်လည်း ယခု သတင်းရေးသားနေသည့် အချိန်အထိ ဆက်သွယ်၍ မရသေးပါ။
ဒီဇင်လာလ ၁၇ ရက်နေ့တွင် မိုင်းပေါက်မြို့၌ COVID - 19 အတည်ပြုလူနာ နှစ်ဦးတွေ့ရှိပြီးနောက်တွင် ၎င်းတို့ နှစ်ဦးနှင့် ထိတွေ့ဆက်စပ်ခဲ့သူ ၃၀၀ ကျော်ကို Quarantine ထားရှိကာ ဒေသတွင်း၌ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သည်။
'ဝ' ဒေသ၏ COVID - 19 ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် တရုတ်နိုင်ငံဘက်မှ ဆေးဝါး၊ စားသောက်ကုန်နှင့် Quarantine Center ဆောက်လုပ်ရေးတို့တွင် ကူညီထောက်ပံ့မှုများပေးနေကြောင်းကို ဦးညီရမ်းက ဒီဇင်ဘာလ ၂၃ ရက်နေ့က The Ladies News သို့ပြောကြားထားသည်။
'ဝ' နှင့် နယ်မြေချင်းထိစပ်နေသော မိုင်းလားဒေသတွင်လည်း ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရှိခဲ့သော COVID - 19 အတည်ပြုလူနာသည် မိုင်းလားသို့ ခရီးသွား ရာဇဝင်ရှိခဲ့ဖူးသူဖြစ်သောကြောင့် ဒေသတွင်း၌ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များထုတ်ပြန်ကာ၊ နေရာ တချို့အား အသွားအလာ ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့မှစတင်ကာ မိုင်းလား COVID - 19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းဦးအဖွဲ့ က ဒေသတွင်းနေထိုင်သူအားလုံးကို COVID - 19 ရှိမရှိ အခမဲ့စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိပြီး၊ စစ်ဆေးမှုရလဒ်ကိုမူ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါ။
အောင်ရဲနောင်
The Ladies News
----- ----- -----
The Ladies News
http://www.theladiesnewsjournal.com/news/sat-2020-12-26-1201/14213
No comments:
Post a Comment