မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်း တစ်လျှောက်တွင် ထိုင်းဘက်ခြမ်းက လုံခြုံရေးတိုးမြှင့်ထား

ထိုင်းနိုင်ငံအတွင်း တစ်ကျော့ပြန် ကူးစက်မှု များပြားနေသော COVID-19 ဂယက်ကြောင့် မြဝတီ-မဲဆောက် နယ်ခြား သောင်ရင်းကမ်းစပ် တစ်လျှောက်တွင် တရားမဝင် ခိုးဝင်လာသူများ မရှိစေရေး ထိုင်းဘက်ခြမ်းတွင် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်အမှတ် (၃) အရှေ့တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ် ဦးဆောင်သော အဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မြဝတီ-မဲဆောက် သောင်းရင်းမြစ်ကမ်း တစ်လျှောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင် နယ်မြေအတွင်း COVID-19 ပိုးတွေ့လူနာ ၁၀၀၀ ကျော်တွေ့ရှိခဲ့ပြီး အများစုမှာ မြန်မာအလုပ်သမားများ ပါဝင်နေပြီး တရားမဝင် ခိုးဝင်လာမှုကြောင့်ဟု ယူဆပြီး ထိုင်း-မြန်မာ နယ်စပ်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ခြင်းများ မရှိစေရေးအတွက် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံစစ်တပ်မှ အမှတ် (၃) အရှေ့တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ် ကိုယ်တိုင် လာရောက် စစ်ဆေးပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်တွင် ထိုင်းဘက်ခြမ်းက လုံခြုံရေးတိုးမြှင့်ထားသည်ကို တွေ့ရစဉ်
ထိုသို့ ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ်၏ ညွှန်ကြားမှုအရ ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်ကမ်း တစ်လျှောက်တွင် သံဆူးကြိုးများ ကာရံခြင်း၊ CCTV ကင်မရာများ တပ်ဆင်ခြင်း၊ ဒေသတာဝန်ရှိ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စောင့်ကြည့်ခြင်း စသည်ဖြင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက် ထားသည်ဟု ထိုင်းဘက်ခြမ်းမှ ရရှိသော သတင်းများအရ သိရသည်။
“ထို့ပြင် နေရပ်ပြန် ထိုင်းရောက် မြန်မာ လုပ်သားများအပေါ် မြန်မာနိုင်ငံအစိုးရဘက်က ထိုင်း-မြန်မာ မြဝတီ-မဲဆောက် အမှတ် ၂ တံတားမှတစ်ဆင့် ကြိုဆိုလက်ခံခြင်းများ ပြုလုပ်ပေးနေသလို မြန်မာပြည်တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများကိုလည်း အလားတူ လက်ခံကြိုဆိုသွားမည်ဟု ထိုင်းဘက်ခြမ်းက ပြောကြားသည်။
သောင်ရင်းမြစ်ကမ်း တစ်လျှောက်တွင် ထိုင်းဘက်မှ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားသော်လည်း နှစ်နိုင်ငံ ကုန်သွယ်မှု မထိခိုက်စေရေးအတွက် မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပုံမှန်ကုန်သွယ် သွားမည်ဟု သိရသည်။
နယ်စပ်ဖြတ်ကျော် အမှတ် (၁) ချစ် ကြည်ရေးတံတားနှင့် သောင်ရင်းမြစ်ကမ်း တစ်လျှောက်ရှိ လှေဆိပ် ၃၃ ခုကို ပိတ်ထားဆဲဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံတွင်း တကျော့ပြန် ကိုဗစ်ဂယက်ကြောင့် ထိုင်းဘက်ခြမ်းမှ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လာခြင်းဖြစ်သည်။
https://news-eleven.com/article/200695
No comments:
Post a Comment