AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ခံ လူငယ်တွေ မိသားစုနဲ့ တွေ့ခွင့်မရသလို ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။
အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၂ (ခ)တို့နဲ့ တရားစွဲဆိုခံထားရတဲ့ ချင်းပြည်နယ်ပလက်ဝမြို့ မြို့မရပ်ကွက်က ကိုစိုးကျော်လင်း အသက် ၁၇ နှစ်နှင့် ကိုထွန်းလင်းဇော် အသက် ၂၉ နှစ်တို့ဟာ မိသားစုနဲ့ တွေ့ခွင့်မရသေးသလို ကိုစိုးကျော်လင်းဟာလည်း ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးက ပြောပါတယ်။
“ကျန်းမာရေး မကောင်းဘူးသူက။ ရုံးထုတ်တဲ့အခါ သိတာ။ လမ်းလျှောက်လို့ မရဘူး။ ကျမတို့တွေ့ခွင့်မရဘူး။ ရုံးထုတ်တဲ့အခါမှ ၅ မိနစ်တွေ့ခွင့်ရတယ်၊ ကျမတို့ သွားရုံနဲ့ အဖြေကမပေါ်ဘူး အခုထိ။”
ကိုထွန်းလင်းဇော်နဲ့ ကိုစိုးကျော်လင်းဟာ အကြမ်းဖက်ဥပဒေ ပုဒ်မနဲ့ တရားစွဲခြင်းခံနေရပြီးရုံးချိန်း ၅ ကြိမ် ခေါ်ယူစစ်ဆးပြီးပေမဲ့ အချုပ်ထဲမှာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်တစ်ကြိမ်တစ်ခါမျှ မရရှိသေးဘူးလို့ သူမက ဆိုပါတယ်။
ကိုစိုးကျော်လင်းနဲ့ ကိုထွန်းလင်းဇော်တို့ နှစ်ဦးဟာ စက်တင်ဘာလ ၂၄ ရက်နေ့က ပလက်ဝမြို့နယ် စိမ်းစင်း ကျေးရွာမှာ ရှိတဲ့ တံတားဆောက်လုပ်ဖို့ သွားရာမှာ သူတို့ နှစ်ဦးကို တပ်မတော် ခမရ ၂၈၉ တပ်ရင်းက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေ ပုဒ်မနဲ့ တရားစွဲဆိုခဲ့တာပါ။ကိုစိုးကျော်လင်းနဲ့ ကိုထွန်းလင်းဇော်တို့ နှစ်ဦး ပြစ်မှု ကျူးလွန်တာ မရှိဘူးလို့ မိခင်ဖြစ်သူကဆိုပါတယ်။
“ကျမတို့လည်း မဟုတ်ဘဲနဲ့ အချုပ်ခံခဲ့ရတယ်လေ သားလေးက။”
အလားတူ ဧပြီလ ၁၂ ရက်နေ့ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာကနေ အစိုးရတပ်မတော်ကဖမ်းဆီးသွားတဲ့ မောင်အောင်ထွန်းနိုင် အသက် ၁၇ နှစ်ဟာလည်း စစ်ကြောရေးမှာ သေဆုံးကြောင်း သတင်းထွက်ပေါ်နေပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ အကြားစစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံရသူတွေ များပြားလာနေပါတယ်။
အခုလိုသံသယနဲ့ ဖမ်းဆီးထားတဲ့အပေါ် ရခိုင်အမျိုးသားပါတီ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီ အဖွဲ့ဝင်ဒေါ်အေးနုစိန်ကအခုလိုပြောပါတယ်။
“AA အဖွဲ့နဲ့ လုံးဝ မဆက်မစပ်သူတွေကလည်း တကယ့်ကို ဒုက္ခရောက်ပြီးတော့ ဖမ်းဆီးတယ်၊ သေကြေတယ်၊ ပျောက်ဆုံးတယ်၊ ထောင်ထဲမှာ ရှိတယ်။ ဒါမျိုးတွေ ရှိနေတယ်လေ။ ဒါတွေကတော့ မဖြစ်ကောင်းဘူးလို့ဘဲ ကျမပြောချင်တယ်။”
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာတော့ သံသယနဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ အရပ်သားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် သက်သေအထောက်အထားနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ တိုင်ချက်ဖွင့်နိုင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောဆိုထားပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ကြားဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခအကြောင်းပြုပြီး အကြောင်းမဲ့ ဖမ်းဆီးခံရတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ဘယ်အဖွဲ့က ဖမ်းဆီးတာဖြစ်စေ အမြန်ဆုံးလွှတ်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အလေးအနက်တိုက်တွန်းထားကြောင်း ခူမီးချင်းလူမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC က ဒီရက်ပိုင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂ နှစ်နီးပါးကြာ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးငယ်တွေ အပါအဝင် ဒေသခံတွေ ဖမ်းဆီးခံရမှု ထိခိုက်သေကြေမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်တဲ့ သဘောထားတွေကို ပြောဆိုထားကြပါတယ်။
https://burmese.voanews.com/a/rakhine-conflicts-tatmataw-aa/5707488.html
No comments:
Post a Comment