ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး
နေပြည်တော် ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက Virtual Meeting ဖြင့် ပြုလုပ်သည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဆန်ရိက္ခာ ထောက်ပံ့ရာ၌ ပြည်နယ်အစိုးရက လူအင်အားစိစစ်၍ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသို့ အကြောင်းကြားမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူတစ်ဦးလျှင်(၁)ရက် ဆန်(၂)ဘူးနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဘေးသင့်သူများအား ဆန်ရိက္ခာ ထောက်ပံ့မှုကို ယေဘူယျအားဖြင့် (၁)ပတ်အထိ ခွင့်ပြုချက်မလိုဘဲ ထောက်ပံ့ပေးရန် ညွှန်ကြားချက် ရှိသော်လည်း ရခိုင်ပြည်နယ်အတွက်မူ တိုက်ပွဲရှောင်အသစ်များ ထပ်တိုးရောက်ရှိပါက (၂)ပတ်စာအထိ ခွင့်ပြုချက်မလိုဘဲ အချိန်မီ ချက်ချင်းထောက်ပံ့ရန် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ တိုက်ပွဲ ရှောင်စခန်းများ အနေဖြင့် ကာလရှည်နေထိုင်သည်များရှိသကဲ့သို့ အဝင်အထွက်များမှာလည်း များပြားသဖြင့် စာရင်းကောက် ယူရန်အခက်အခဲရှိသည်ကို နားလည်ပါကြောင်း၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက လူအင်အားစိစစ်ပြီး ဆန်ရိက္ခာ(၁)လစာ ထောက်ပံ့ပေးရန် ညှိနှိုင်းအကြောင်းကြား လာချိန်၌ ရုံးလုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြု ချက်ရယူစေပြီး ထောက်ပံ့ပေးလျက်ရှိပါကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရက စိစစ်တောင်းခံမှုတိုင်းအတွက် တိုက်ပွဲရှောင်များအား ထောက်ပံ့ပေးနေသော်လည်း အချို့မီဒီယာများက တိုက်ပွဲရှောင် စုရပ်များတွင် ဆန်ထောက်ပံ့မှုများမရရှိကြောင်း၊ ဆန်ရိက္ခာအခက်အခဲရှိကြောင်း သတင်း ထုတ်လွှင့်မှုများလည်း ရှိနေကြောင်း၊ သို့ပါ၍ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့၏ တိုက်ပွဲရှောင်များအရေး အလေးထားဆောင်ရွက်နေမှုများအား ပွင့်လင်းမြင်သာစွာ ရှင်းလင်း အသိပေးရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းပံ့ပိုးမှု လုပ်ငန်းတွင် ရင်ဆိုင်ဖြေရှင်း နေရသည့် စိန်ခေါ်မှုများကိုလည်း ညှိနှိုင်းအဖြေရှာ ဖြေရှင်းခြင်း၊ အသိပေးခြင်းတို့ဖြင့် မိမိတို့အစိုးရ၏ အလေးထား ဆောင်ရွက်မှုများအား တိုက်ပွဲရှောင်တို့ သိရှိစေရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တိုက်ပွဲရှောင်စုရပ်များတွင် ဆန်ရိက္ခာ ပြတ်လပ်မှုမရှိစေရေး ပြည်နယ်အစိုးရအနေဖြင့် အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ စာရင်းကောက်ယူမှုနှင့် သွားရောက်ထောက်ပံ့မှုတို့တွင် လုံခြုံရေးကန့် သတ်ချက် အပြင် တိုက်ပွဲရှောင် အဝင်အထွက်များခြင်းကြောင့် စာရင်းကောက်ယူမှု အခက် အခဲရှိခြင်း၊ ဒေသအခြေအနေအပေါ်မူတည်၍ ယာယီခိုလှုံရာနေရာများတွင် တိုက်ပွဲရှောင်များ အဝင်၊ အထွက် မတည်ငြိမ်မှုများကြောင့် ဆန်ဝေချိန်၌ မရှိသူများ နားလည်မှုလွဲခြင်းတို့ကိုလည်း တွေ့ရှိရကြောင်း၊ အချို့သောစုရပ်များတွင် ဆက်နွယ်ဌာန ဆိုင်ရာများနှင့် ပူးပေါင်းစိစစ်ရခြင်း မျိုးလည်းရှိကြောင်း၊ ဆက်လက်၍လည်း ဆန်ရိက္ခာထောက်ပံ့မှုကို အလေးထားဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် မီဒီယာအချို့တွင် ဖော်ပြနေသည့် သတင်းများနှင့် မြေပြင်အခြေ အနေ လွဲမှားနေမှု နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသူများက တိုက်ပွဲရှောင်စုရပ်များတွင် နေရပ်စွန့်ခွာသူများ စာရင်း ကောက်ယူရာ၌ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မီဒီယာများက ပကတိမြေပြင် အခြေအနေအပေါ်တွင် ထင်မြင်ယူဆထားသော သတင်းထုတ်ပြန်ချက်များကို တုံ့ပြန် ရှင်းလင်းရာ၌ သတင်းအချက်အလက်များ တိကျစေရေး၊ စုရပ်များတွင် နေရပ်စွန့်ခွာသူ အရေအတွက်ကို စခန်းတာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စနစ်တကျ စိစစ်ပြီး အဆင့်ဆင့် တင်ပြစေရေး၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများနှင့် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုများ မထပ်စေရန် စိစစ်ဆောင်ရွက်ရေး၊ ထောက်ပံ့မည့်ဆန်များ အရည်အသွေးများ ပြည့်ဝစေရန် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် စနစ်တကျ စာချုပ် ချုပ်ဆို ဝယ်ယူထောက်ပံ့ရေး၊ တိုက်ပွဲရှောင်စုရပ်များတွင် ဆန်ရိက္ခာပြတ်လပ်မှု မရှိစေရေးတို့အတွက် ဖြည့်ဆည်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာတိုက်ပွဲရှောင်သူများ စတင်များပြားခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရနှင့်အတူ ဆန်ရိက္ခာနှင့် လိုအပ်ချက်အရ အခြားထောက်ပံ့မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလအထိ ဆန်ရိက္ခာဖိုး ငွေကျပ် (၅ ဒသမ ၇၃၉) ဘီလီယံ နှင့် အခြားထောက်ပံ့မှုများ အတွက် ငွေကျပ် (၂၄၅)သန်းကျော်၊ စုစုပေါင်းငွေကျပ် (၆) ဘီလီယံနီးပါး သုံးစွဲထောက်ပံ့ခဲ့ပြီဖြစ်ပြီး လိုအပ်ချက်အရ ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
https://www.moi.gov.mm/index.php/news/9971
No comments:
Post a Comment