(၁)နှစ်အတွင်း ရှမ်း/မြောက်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ (၃၆)ဦးရှိ
လွေးအေးမီး၊ ရွှေဖီမြေ
ဒီဇင်ဘာ ၂၉ ရက်၊ လားရှိုး
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာလ ၂၉ ရက်အထိ ရွှေဖီမြေက ရရှိထားတဲ့ အချက်အလက်တွေအရ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၂၇)ဦးနဲ့ သေဆုံးသူ ၉ ဦးအပါအဝင် စုစုပေါင်း (၃၆)ဦး ရှိခဲ့ပါတယ်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူနဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ စတဲ့မြို့နယ် ၅ မြို့နယ်ထဲက ဒေသခံတွေဖြစ်ကြပြီး မိုင်းနင်းမိတဲ့အထဲမှာ အမျိုးသား(၂၂)ဦး၊ အမျိုးသမီး(၁၄)ဦး ဖြစ်ပါတယ်။
သေဆုံးသူ (၉)ဦးထဲမှာ သံဃာတော်တစ်ပါး ပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာလည်း သံဃာတော်တစ်ပါး၊ ကိုရင်လေးတစ်ပါး၊ အသက်(၁၈)နှစ်အောက် (၁၁)ဦးနဲ့ (၁၈)နှစ်အထက် (၁၅)ဦးနဲ့ အသက်အရွယ်အပိုင်းအခြား မသိရသူ (၇)ဦး ရှိပါတယ်။
၂၀၂၀ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး ဒုတိယအများဆုံး ပြည်နယ်က ရှမ်းပြည်နယ်ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(Unicef)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရှမ်းနဲ့ ရခိုင်ပြည်နယ်အပြင် ကချင်၊ ချင်း၊ ကရင်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ၊ ပဲခူး၊ မကွေးတိုင်း စတဲ့ဒေသတွေမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ သီပေါနဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန် စတဲ့မြို့နယ်(၆)မြို့နယ်ရှိ အရပ်သား (၁၆)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ (၃၄)ဦးအထိ ရှိခဲ့ပါတယ်။
#မြေမြှုပ်မိုင်း #ထိခိုက်ဒဏ်ရာရ #သေဆုံး #ရှမ်း/မြောက်
#ဓာတ်ပုံ- Google
https://www.facebook.com/451214215694715/posts/868863787263087/
https://www.facebook.com/shwepheemyaynews/posts/868863787263087
No comments:
Post a Comment